Featured post

လတ်တလော ကျွန်မ ဘာလုပ်နေသလဲ

 အခုတလော ဒီblogမှာ စာမရေးဖြစ်ဘဲ ပျောက်နေပါတယ်။ ဘာလို့လဲဆို ခါတိုင်း စာရေးနေကျအချိန်မှာ မီးမလာတာက တစ်ကြောင်း၊ ရေထွက်ခံနေရတာက တစ်ကြောင်း၊ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ စိတ်လေနေတာက တစ်ကြောင်း… အမျိုးမျိုးသော အကြောင်းတို့ကြောင့် ဖြစ်ပါတယ်။

မီးပြတ်တာက တော်တော်ဆိုးဝါးပါတယ်။ ဒီဖေဖော်ဝါရီအစလောက်တုန်းက တစ်ရက်ကို ၃နာရီလောက် မီးပြတ်ပါတယ်။ ဘယ်အချိန်ပြတ်မလဲတော့ မသိ၊ ပြတ်ချင်အချိန်မှာ ပြတ်သွား၊ ဒါပေမဲ့ ၃နာရီတိတိကြာတဲ့အခါ ပြန်လာပါတယ်။ ပြီးရင် တစ်နေ့လုံး မပြတ်တော့ပါဘူး။ နောက် မတ်လဆန်းလာတဲ့အခါ စကစရဲ့ ၆နာရီမီးလာ၊ ၆နာရီမီးပြတ်စနစ် ကျင့်သုံးမယ်လို့ အမိန့်စာထွက်ပြီးနောက် သူများမြို့တွေတော့ ဘယ်လိုလာတယ် မပြောတတ်ပါဘူး။ ကျွန်မတို့တော့ ပြတ်ချင်တဲ့အချိန်ပြတ်ပြီး လာချင်တဲ့အချိန် လာပါတယ်။ (ရန်ကုန်မြို့ကြီးရဲ့ နည်းနည်းအရေးပါတဲ့တစ်နေရာမှာ နေတဲ့ အသိကို မေးကြည့်တော့ သူတို့ဆီမှာ ကြားရက်တွေဆို ၃နာရီပဲ မီးပြတ်ပြီး စနေတနင်္ဂနွေဆို တစ်နေ့လုံးလာတယ်ဆိုတာ သိရတော့ "ဪ... ငါနေတာ မြို့စွန်ဆင်ခြေဖုံးတွေကို ခွဲခြားလိုက်တာနော်.."လို့ တွေးပြီး စိတ်မကောင်းဖြစ်ရပါသေးတယ်) တစ်ရက်နဲ့တစ်ရက်လည်း patternမတူပါဘူး။ နေ့တစ်နေ့ရဲ့ ပထမဆုံး မီးလာချိန်/မီးပြတ်ချိန်ကို ကြည့်ပြီး ဒီတစ်နေ့လုံး ဘယ်လိုပုံနဲ့ မီးပြတ်မယ်ဆိုတာကို ဂျာမန်ဝှက်စာဖော်သလို ဖော်ရပါတယ်။ (သိပ်မကြာခင်က ဝှက်စာဖော်တဲ့ the imitation gameရုပ်ရှင်ကြည့်ထားတာတော့ အတော်ဟန်ကျသား😂) အဲဒီတော့ စာသင်တဲ့အလုပ်မပျက်အောင် ဖုန်းအားသွင်းဖို့နဲ့ wifiနဲ့ချိတ်ပြီး အင်တာနက်ရဖို့ power bank ၂လုံးဝယ် (မီးမလာလို့ မသုံးရင်လည်း wifiကြေးက လျှော့ပေးတာမဟုတ်တော့ ၂၄နာရီသုံးရအောင် ကြံစည်ထားရသေး)၊ laptopကိုလည်း အားချွေတာထားရပါသေးတယ်။ စာအုပ်ပေါ်မှာ ရေးထားပြီး မီးလာမှ စာရိုက်တင်မလားလို့ စဉ်းစားပေမဲ့လည်း ရေးကျင့်မရှိလို့လားမသိ အဆင်မပြေပါဘူး။ အဲဒါကြောင့် ပျောက်နေတယ် ဆိုပါတော့။

မီးမလာတာရဲ့ အကျိုးဆက်က ရေမရတာပါပဲ။ (ဒီအကြောင်းကို ပြောပြီးပြီလားတော့ မသိ) ကျွန်မတို့နေတဲ့နေရာက သူများတိုက်ခန်းတွေလို မီးလာတိုင်း ရေတင်လို့ရတာမဟုတ်ပါဘူး။ အရင်ကတော့ ခုနစ်ရက်ကြာမှတစ်ခါ တစ်နာရီလောက် ရေပေးပါတယ်။ ပေးတဲ့အချိန်မှာ ကိုယ့်ရှိတဲ့ ကန်၊ တိုင်ကီ၊ အိုးတို့မှာ ပြည့်အောင် ဖြည့်ထားရပါတယ်။ နောက်ပိုင်းတော့ သုံးရက်တစ်ခါ၊ နောက် တစ်ရက်ခြားတစ်ခါလောက် ရေရပါတယ်။ အခု မီးမလာတော့ ရေစက်တွေ မမောင်းနိုင်တာကြောင့် ရေမလာပါဘူး။ အဲဒါကြောင့် အရင်ရေပေးတဲ့နေ့နဲ့ ၁၀ရက်လောက် ခြားသွားတော့ ကျွန်မတို့ သုံးဖို့မပြောနဲ့ သောက်ဖို့တောင် ရေမရှိတော့ပါဘူး။ အဲလိုနဲ့ ရပ်ကွက်ကလူတွေက ရေပေးတာဝန်ယူထားတဲ့ သာယာရေးကော်မတီကို ဆဲကြတော့တာပါပဲ။ (သူတို့ ဘယ်လိုဆဲချင်စရာကောင်းလဲဆိုတာ နောက်မှသပ်သပ်ပြောပါမယ်) နောက်တော့ မနေနိုင်တဲ့သူက ရေကားကြီးမောင်းပြီး လာလှူပါတယ်။ ကျွန်မတို့တော့ အိမ်မှာရှိတဲ့ ပုံးပလုံးအစုံနဲ့ သွားခံကြရတာပေါ့။ နေတာက ငါးလွှာမှာ၊ ဓာတ်လှေကားက မရှိဆိုတော့ ရေသယ်လို့ လက်မောင်းလည်းတောင့်၊ ခြေသလုံးတွေလည်း နာ၊ တစ်ခါသယ်ပြီးရင် နောက်နေ့ ထမင်းစားဖို့တောင် မထချင်တော့ပါဘူး။ (ဒါပေမဲ့လည်း ထရပါတယ်။ ဒီနေ့ရေမသယ်ရင် နောက်နေ့သုံးစရာ မရှိဘူးလေ အယ်လယ်😆) အဲသလိုနဲ့ ကျွန်မတို့ အလုအယက်ရေသယ်နေကြပုံဟာ facebookအမှူးပြုတဲ့ social mediaပေါင်းများစွာမှာ ပျံ့နှံ့လို့ ကျွန်မတို့လည်း တိုင်းသိပြည်ကျော် ဒုက္ခသည်တွေ ဖြစ်သွားကြပါလေရောလား. . .

နောက်တစ်ခုက website အသစ်ကိစ္စ။ ကျွန်မ portfolioတစ်ခု လုပ်နေပါတယ်။ အစက ဒီblogကို LinkedInက ကျွန်မစာမျက်နှာမှာ တင်ထားတာပါ။ နောက်တော့ ပြန်စဉ်းစားမိပါတယ်။ ဒီမှာက ကျွန်မကောင်းကြောင်းတွေထက် မကောင်းကြောင်းတွေက ပိုများနေတော့ အလုပ်ရှင်က စပ်စုပြီး အသေးစိတ်လိုက်ဖတ်ရင် ကျွန်မတော့ အလုပ်ရတော့မှာ မဟုတ်ဘူးလို့လေ။ အဲဒီတော့ အသစ်တစ်ခုပဲ လုပ်လိုက်ပါတယ်။ (သူက wordpressဆိုတော့ ရွေးချယ်စရာတွေများသလောက် အင်မတန်ရှုပ်ပါတယ်။ blogကို ဒီမှာလာရေးဖြစ်တာ အင်မတန်ကျေးဇူးတင်မိတယ်။ ဟိုဟာနဲ့သာ စရင် ဘာမှသိပ်မလုပ်ဘဲ စာပဲရေးချင်တဲ့ကျွန်မအတွက် အင်မတန်ဦးနှောက်ခြောက်စရာဖြစ်မှာ) ပြီးတော့ ကျွန်မသူငယ်ချင်းနဲ့ပေါင်းပြီး စာရေးနေပါတယ်။ သွားနေတဲ့နှုန်းကတော့ ဝန်ပိနေတဲ့ လှည်းအိုကြီးလို တအိအိပါပဲ

နောက်ဆုံးတစ်ခုက အသက်၂၀ကျော်သူတွေ ဖြစ်တတ်ကြတဲ့ ပြဿနာပါ။ "ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ရေလည်လမ်းပျောက်တယ်"လို့ ကျွန်မတို့ ပြောကြတဲ့အရာပါ။ ကျွန်မ ငယ်ငယ်ကတည်းက စာရေးဆရာဖြစ်ချင်တာပါ။ ဒါပေမဲ့ တက္ကသိုလ်တက်တော့ အဲဒါနဲ့ဆိုင်တဲ့ မေဂျာကိုမယူဘဲ အဲဒီ့တလောကမှ အရူးထပြီး သိချင်တယ်ဆိုတာတစ်ခုတည်းနဲ့ စိတ်ပညာကို ကောက်ယူလိုက်ပါတယ်။ (အတန်းထဲက သူငယ်ချင်းတွေကတော့ therapistတို့ counsellorတို့ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ယူကြတာတဲ့။) ကျွန်မမှာ empathyလည်း မရှိပါဘူး၊ နားထောင်ပေးတာလည်း မတော်ပါဘူး (သူများအကြောင်းလိုက်နားထောင်တယ်ဆိုတာလည်း စပ်စုချင်စိတ်ကြောင့် နားထောင်တာပဲရှိတာ) counsellorလည်း မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ဒီဘာသာနဲ့ကျောင်းပြီးလို့ ဘာလုပ်မလဲ လက်တွေ့ကျကျ စဉ်းစားရတဲ့အခါတော့ တက္ကသိုလ်မှာ ဆရာမပဲ ပြန်လုပ်ရမလားပေါ့.. အခုတော့ ဘွဲ့လည်း မရ တန်းလန်းကြီးဖြစ်နေလို့ ကုန်းအလယ်မှာ သောင်တင်နေတဲ့ငါးလို ယက်ကန်ယက်ကန်နဲ့ ဒုက္ခရောက်နေပါတယ်။ တချို့သော သူငယ်ချင်းတွေကတော့ နိုင်ငံခြားထွက်ပြီး စာသင်နေကြပါပြီ။ ကိုယ့်မှာက အိမ်ကလည်း သူ့ဟာသူတောင် စားဖို့အနိုင်နိုင် နိုင်ငံခြားပို့ပြီး ကျောင်းစရိတ်ထောက်ဖို့က ဝေလာဝေး၊ စကော်လာလျှောက်ပါလားဆိုတော့လည်း IELTSဖြေဖို့တောင် အနိုင်နိုင်ဆိုတော့ကာ... ဪ ဘာလုပ်လို့ လုပ်ရမှန်းမသိ လမ်းတွေလည်း ပျောက်ပါတယ်နော်. .

ကဲ ရှင်တို့ရော ဘာတွေလုပ်ဖြစ်ကြလဲ ပြောပါဦး


Comments