Featured post

ဘောင်းဘီတော်လှန်ရေး

“မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ပါ” ဆိုတဲ့စကားကို မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ တွေ့နိုင်ပါတယ်။ ကျောင်းတွေ၊ ပြတိုက်တွေ၊ အခမ်းအနားတွေနဲ့ ဘုရားပရဝဏ်တွေမှာပေါ့။ ရုတ်တရက်ကြည့်ရင် ဒီစကားကို ယောက်ျားမိန်းမမရွေး လိုက်နာရမယ်လို့  ထင်ကောင်းထင်နိုင်ပေမဲ့လည်း အမှန်လက်တွေ့မှာတော့ အမျိုးသမီးတွေကသာ လိုက်နာနေရပါတယ်။

မြန်မာ့ရိုးရာဝတ်စုံမှာ အမျိုးသားတွေက တိုက်ပုံ၊ လည်ကတုံးအင်္ကျီ (ဒါကနောက်မှပေါ်လာတဲ့ဗားရှင်းပါ။ တကယ့်တကယ်တော့ သူတို့ကလည်း ရင်ဖုံးအင်္ကျီဝတ်ရပါတယ်)နဲ့ ပုဆိုးတို့ဝတ်ရပြီး အမျိုးသမီးတွေက ရင်ဖုံးနဲ့ ထမီဝတ်ရပါတယ်။ ဒါကို လူတိုင်းအသိပါ။ ဒါပေမဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအတိုင်းဝတ်ပါလို့ ဆိုထားတဲ့နေရာတွေမှာ အမျိုးသားတွေက ဘောင်းဘီ၊ပုဆိုး နှစ်သက်ရာ ဝတ်ဆင်ခွင့်ရှိပြီး အမျိုးသမီးတွေကတော့ ထူထဲလှောင်ပိတ်တဲ့ ထမီကိုသာ ဝတ်ခွင့်ရှိပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ? 

အများဆုံး အကြောင်းပြကြတာကတော့ ထမီက မြန်မာ့ရိုးရာဝတ်စုံဖြစ်လို့တဲ့။ ကိုယ့်ရိုးရာဝတ်စုံကို ကိုယ်မှ တန်ဖိုးထားပြီးမဝတ်ရင် ဘယ်သူဝတ်မလဲတဲ့။ ဟော . . . တွေ့လား နိုင်ငံခြားသူတွေတောင် သနပ်ခါးလိမ်းလို့၊ ထမီဝတ်လို့ နေကြတယ်ဆိုပြီး ဥပမာတောင် ပေးလိုက်ကြပါသေးတယ်။ နောက်တစ်ခုက ဘောင်းဘီက ကျွန်မတို့ရဲ့ ပေါင်တံနဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကို သိသာစေတယ်တဲ့။ အဲဒီတော့ ဘာဖြစ်လဲ… စူပါမန်းတောင် အတွင်းခံကို အပြင်ထုတ်ဝတ်သေးတာပဲလို့ စောဒကတက်လို့ မရပါဘူး။ သူတို့ပြောတာက မိန်းကလေးရဲ့ ကောက်ကြောင်းတွေက ယောက်ျားရဲ့ ရမ္မက်စိတ်ကို နှိုးဆွတာကြောင့် အဓမ္မပြုကျင့်ခံရဖို့ ပိုလွယ်စေတယ်တဲ့။ (တစ်ခါက ကျွန်မနဲ့သူငယ်ချင်းတွေ ရိုက်ထားတဲ့ဓာတ်ပုံကို အဘွားလေးတစ်ယောက်က မြင်တဲ့အခါ ကျွန်မသူငယ်ချင်းဝတ်ထားတဲ့ ဘောင်းဘီတိုလေးကိုကြည့်ပြီး “ဒီကောင်မလေးတော့ မုဒိန်းကျင့်ခံရတော့မှာပဲ”ဆိုပြီး မှတ်ချက်ပြုလိုက်လေသတဲ့။ ကျွန်မတော့ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့တာပေါ့) အဲဒါဆိုရင် ဘဏ်တစ်ခု ဓားပြတိုက်ခံရတဲ့အခါ တိုက်တဲ့ဓားပြကို အပြစ်တင်ရမလား... ဒါမှမဟုတ် ပိုက်ဆံတွေရှိပြီး ရှိကြောင်းကို ကြေညာနေတဲ့ တိုက်ချင်စရာ ဘဏ်ကိုပဲ အပြစ်တင်ရမလားနော်🤔🤔 ဪ... နောက်ပြီး ရယ်ချင်စရာကောင်းတဲ့ အကြောင်းပြချက်ကတော့ ယောက်ျားလေးတွေအတွက် ပုဆိုးစကပ်မရှိဘဲ မိန်းကလေးတွေမှာတော့ ထမီစကပ်ရှိတာကြောင့်တဲ့လေ။ ယောက်ျားလေးတွေမှာ ပုဆိုးစကပ်မရှိတော့ ကျွတ်ကျဖို့လွယ်တယ်၊ အဲဒီတော့ ကာယိန္ဒြေပျက်တယ်၊ မြင်လို့မကောင်းဘူး အဲဒါကြောင့် သူတို့က ဘောင်းဘီဝတ်လို့ ရတယ်ဆိုပဲ... 

ကျွန်မတို့ တက္ကသိုလ်မှာ “မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ပါ”လို့ စာတန်းချိတ်ထားပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း ယောက်ျားလေးတွေက ဘောင်းဘီ (အကျပ်၊ ဂျင်းဘောင်းဘီ၊ စတိုင်ဘောင်းဘီ၊ အပွ) အမျိုးစုံ ဝတ်ခွင့်ရပြီး ကျွန်မတို့ကတော့ ထမီပဲ ဝတ်ခွင့်ရတာပေါ့။ ဒါပေမဲ့ ဒီအတိုင်းမနေပါဘူး။ အခွင့်ရရင် ရသလို ကျောင်းကို ခိုးဝတ်လာကြပါတယ်။ ဆရာမကပြောတဲ့အခါ အပြင်သွားစရာရှိလို့ ဘာလို့ ညာလို့ အမျိုးစုံအကြောင်းပြပါတယ် (တစ်ခါက ကျွန်မသူငယ်ချင်း ဘောင်းဘီဝတ်ထားတာကို ဆရာမကတွေ့တဲ့အခါ အကြောင်းပြချက်ကို မေးတော့ “သမီးက ပြေးတတ်လို့”ဆိုပြီး ပြောလိုက်တာကြောင့် ဆရာမတစ်ယောက် ဘာဆက်ပြောရမှန်းမသိဘဲ ကြောင်အမ်းအမ်းဖြစ်သွားပါသေးတယ်။ သိပ်မကြာပါဘူး ဣန္ဒြေပြန်ဆယ်ပြီး ဘောင်းဘီဟာ မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်ကြောင်း ဩဝါဒခြွေတော့တာပါပဲ)။ ဆရာမကလည်း ဘောင်းဘီဝတ်ရုံနဲ့သာ အတန်းပြင်ထုတ်ရရင် အစကတည်းက သိပ်မရှိတဲ့စာသင်ချိန်ကလေး ပဲ့ပါသွားမှာကြောက်တာကြောင့် "နောက်မဝတ်နဲ့နော်”ဆိုပြီးပဲ ပြောနိုင်ပါတယ်။ ကျွန်မတို့ကလည်း “ဟုတ်ကဲ့”ဆိုပြီး ဆရာမမေ့လောက်တဲ့အချိန်ဆို ပြန်ဝတ်လာကြတာပေါ့။ အဲဒီတော့ ကျွန်မတို့ကို တစ်ချို့က မေးခွန်းထုတ်ကြပါတယ်။ “ဒီလောက်တားမြစ်နေတဲ့ကြားက  မိန်းကလေးတွေ ဘာကြောင့်များ ဘောင်းဘီဝတ်ချင်နေရတာလဲ? သူတို့ပြောတဲ့အတိုင်းလိုက်နာပြီး ဝတ်လိုက်ရင် ပြီးရောပေါ့။ အသားပဲ့ပါသွားတာမှ မဟုတ်ဘဲ။ ပြီးတော့ ထမီဝတ်တယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတာပဲလေ”

ပထမအကြောင်းရင်းက ကျွန်မတို့က ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လိုချင်တယ်။ အမျိုးသားတွေ ပုဆိုးဖြစ်ဖြစ် ဘောင်းဘီဖြစ်ဖြစ် ကြိုက်တာဝတ်ခွင့်ပေးတဲ့အချိန် ကျွန်မတို့အမျိုးသမီးတွေကိုလည်း ထမီဖြစ်ဖြစ် ဘောင်းဘီဖြစ်ဖြစ် ကြိုက်တာဝတ်ခွင့်ပေးလိုက်တာကို လိုချင်ပါတယ်။ အဲလိုသာ ဝတ်ခွင့်ပေးရင် ဆရာမတွေစိုးရိမ်နေသလို ဘောင်းဘီကျပ်ကျပ်တွေချည်းဝတ်ပြီး ယောက်ျားလေးတွေနဲ့ အပြင်ကို လျှောက်သွားနေကြမှာ မဟုတ်ပါဘူး။ ပိုပြီး စိတ်သက်သက်သာသာနဲ့ ကျောင်းခန်းထဲကို လာနိုင်မှာဖြစ်ပါတယ်။ ယောက်ျားလေးတိုင်း ဘောင်းဘီချည်းမဝတ်ဘဲ ပုဆိုးလည်း ဝတ်ကြသလို ကျွန်မတို့မှာ ထမီအဆင်လှလှကလေးတွေ ဝယ်ပြီးချုပ်ပြီးတဲ့အခါဆိုရင်လည်း ကျောင်းကို ဝတ်လာကြမှာပါ။

ဒုတိယအကြောင်းရင်းကတော့ ကျွန်မတို့ရဲ့ သားကောင်အခြေအနေကြောင့်ပါ။ ကျွန်မတို့ဟာ သဘာဝအားဖြင့် ယောက်ျားသားတွေထက် အားနွဲ့ကြတယ်။ ဒါကြောင့် အားချင်းယှဉ်လို့ ပြိုင်ကြမယ်ဆို ကျွန်မတို့က အနိုင်ကျင့်ခံရမှာ မလွဲပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ရှင်သန်ရတဲ့ လူမှုပတ်ဝန်းကျင်က ကျွန်မတို့ကို အားကြီးအောင် မပျိုးထောင်ပေးဘဲ သားကောင်များအဖြစ်သာ ဆက်လက်ရှိနေစေပါတယ်။ “ဟဲ့ ယောက်ျားတွေနဲ့ ယှဉ်ရင် ကိုယ်ပဲ ရှုံးမှာပေါ့” “သူလုပ်တာက အဆန်းမဟုတ်ဘူး။ ယောက်ျားဆိုတာ လုပ်မှာပဲလေ မိန်းမက ရှောင်ရမှာ” “နင်က ယောက်ျားလေးတွေရှေ့မှာ ဘယ်လိုတွေ နေနေမှန်းမှမသိဘဲ” “နင်ဝတ်ထားတာကြီးကလည်း ကြည့်ပါဦး” “ရဲတိုင်လို့ သူထောင်ကျတာက နောက်၊ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်မှာ အရင်” စသော စသောတွေနဲ့ ဖိနှိပ်ထားကြပါတယ်။ အဲဒီတော့ သားကောင်ပီပီ ဘယ်လိုရှောင်ရမလဲ၊ ဘယ်လိုပြေးရမလဲဆိုတာပဲ တွေးကြရတော့တာပေါ့။ အဲလိုရှောင်တဲ့ ပြေးတဲ့နေရာမှာ ထမီက တော်တော်ဒုက္ခပေးပါတယ်။ ခြေမျက်စိအထိရှည်တဲ့ အဝတ်စကြီးက ကျွန်မတို့ရဲ့ လှုပ်ရှားမှုကို နှေးကွေးစေပါတယ် (ကျွန်မဆို ကိုယ့်ထမီနဲ့ကိုယ် ခလုတ်တိုက်လို့ မှောက်ရက်လဲတာ အခါခါပါပဲ) ပြီးတော့ ဆွဲချွတ်ဖို့လည်း လွယ်ကူတယ်။ အဲဒီတော့ ခါးပတ်တစ်ထပ်၊ ကြယ်သီးနဲ့တစ်ထပ်ကာကွယ်ထားတဲ့ (ခလုတ်လည်းမတိုက်တဲ့) ဘောင်းဘီကို ပိုကြိုက်တာ မဆန်းပါဘူး။ ဘာလို့လဲဆိုတော့ ရမ်းကားတဲ့ ယောက်ျားဆိုးတွေနဲ့တွေ့ရင် ကိုယ်ကပဲ ပြေးရမှာမို့လေ..

တတိယနဲ့နောက်ဆုံးအကြောင်းပြချက်ကတော့ သက်တောင့်သက်သာ ခံစားရမှုကြောင့်ပါ။ တစ်နေ့တခြား ပိုပိုပူလာတဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုကြီးအကြောင်းကို အရင်ပြောကြရအောင်။ ထမီဆိုတာ အနောက်က တစ်လွှာ၊ အရှေ့က သုံးလွှာ ပေါင်းတော့ လေးလွှာ။ အေးချမ်းတဲ့အချိန်တွေဆို နွေးနွေးထွေးထွေးနဲ့ ဝတ်လို့ကောင်းမှာဖြစ်ပေမဲ့ ပူအိုက်တဲ့ နေ့တွေမှာတော့ အရှင်လတ်လတ်ငရဲကျနေသလိုပါပဲ။ အဲဒီတော့ အရှေ့အနောက်ပေါင်းမှ ၂လွှာပဲရှိတဲ့ ဘောင်းဘီဝတ်ချင်မလား၊ ပူအိုက်လှောင်ပိတ်နေတဲ့ ထမီကြီးဝတ်ချင်မလားဆိုတာတော့ ကိုယ့်ဘာသာကိုယ် စဉ်းစားသာ ကြည့်ကြပါတော့။ နောက်ပြီး သူတို့အကြောင်းပြတဲ့ ထမီစကပ်ဆိုတာကလည်း ဟတ်ချလောင်းလို့ ရတာမဟုတ်၊ အပ်ချုပ်ဆိုင်မှာ ဈေးကြီးကြီးနဲ့ သွားအပ်ရတာ၊ ပြီးတော့ ထမီစကပ်က ကိုယ်တိုင်းနဲ့ ကွက်တိတိုင်းချုပ်တာဖြစ်တဲ့အတွက် ကိုယ်နဲ့ ခန္ဓာကိုယ်အချိုးအစားမတူရင် သူများက ဝတ်လို့မရဘူး (ပြောချင်တာက တစ်ယောက်ကို အင်္ကျီများများမဝယ်နိုင်လို့ တစ်အိမ်လုံးလှည့်ပတ်ဝတ်ရတဲ့သူတွေအတွက် အဆင်မပြေ) အဲဒီတော့ ထမီပဲ ဝတ်ကြရတာပေါ့။ အဲ... အဲတော့ ထမီမမြဲတဲ့ ကျွန်မအတွက် အတော်ဒုက္ခရောက်တာပဲ။ (“အဲဒါဆို ထမီမြဲအောင် ဝတ်လေ”လို့ နှာခေါင်းရှုံ့ရင် ကျွန်မကလည်း “ယောက်ျားလေးတွေ ပုဆိုးမြဲအောင် ဝတ်ခိုင်းပေါ့” ပြန်ပြောမှာပါ။) ဆိုတော့... ယောက်ျားလေးတွေအတွက် ပုဆိုးစကပ်မရှိသေးတာ ကျွန်မလည်း စိတ်မကောင်းပါဘူး၊ ကျွန်မလည်း ထမီစကပ်မဝတ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်ပေါ့နော်😁😁

ပြီးတော့ အပေါ်က ပြေးတဲ့ကိစ္စ။ သူများတွေတော့ မသိပါဘူး။ ကျွန်မနဲ့ကျွန်မသူငယ်ချင်းကတော့ အပြေးသမားလေးတွေ ဖြစ်ပါတယ်။ “ဪ.. အားကစားလုပ်ကြတာလား” လို့ မေးရင် အားကစားမဟုတ်ပါဘူး၊ အတန်းနောက်ကျလို့ ပြေးရတာပါရှင်။ ဟုတ်ကဲ့။ ရန်ကုန်မှာ နိုင်ငံခြားမြို့ကြီးတွေလောက် မကြီး၊ ကားအဲလောက်မပေါပေမဲ့ စည်းကမ်းမရှိ လမ်းဘေးချရပ်တာတွေ၊ ကားမတော်တဆမှုတွေကြောင့် ကားအမြဲပိတ်ပါတယ်။ (ပြီးတော့ ကျွန်မအိမ်က ကျောင်းနဲ့ ၂နာရီစာတောင် ဝေးပါတယ်) အဲဒီတော့ မပြေးဘဲ ဆင်မယဉ်သာဟန်နဲ့ လမ်းလျှောက်လာလို့ကတော့ အတန်းဝမှာ ဘောဖျက်နဲ့ အပေါက်မခံရရင် ကံကောင်း။

အရင်လတုန်းက လူသားအခွင့်အရေးသင်တန်းတစ်ခုတက်မိတော့ အမျိုးသားနဲ့ အမျိုးသမီးတွေကို ခွဲခြားထားတဲ့ ဘဝင်မကျစရာ အချက်ကလေးတွေကို ဆွေးနွေးဖို့ သင်တန်းဆရာမက ဖိတ်ခေါ်တဲ့အခါ ဒီဘောင်းဘီကိစ္စမှာပဲ ဂိတ်ဆုံးပါတယ်။ အတန်းထဲက အမျိုးသမီးတစ်ယောက်က သူစခန်းဝင်ပြီး သင်တန်းတက်ရတုန်းက နေ့ဘက်တွေအပြင် ညဘက်အိပ်ချိန်မှာပါ ဘောင်းဘီဝတ်ခွင့်မရကြောင်း၊ ညအိပ်ချိန်မှာတောင် ထမီဝတ်ထားမထား လာစစ်ကြောင်း ပြောပြလို့ ကျွန်မ တောက်တခေါက်ခေါက်နဲ့ ဒေါသထွက်နေတုန်း “မြန်မာ့ရိုးရာ ဘာညာ ဘာညာ”နဲ့ လူသားချင်းမစာနာ မိန်းကလေးတွေ ထမီဝတ်ခိုင်းတဲ့ဘက်က ထောက်ခံတဲ့ ကိုယ်တော်ချောနဲ့ ပြိုင်ငြင်းလိုက်ရပါသေးတယ်။ 

အိမ်ကအဘွားတွေလည်း ကျွန်မတို့လူငယ်တွေ ဘောင်းဘီဝတ်တာကို ဘာမှသိပ်မပြောပေမဲ့ သိပ်ကြိုက်ပုံမရပါဘူး။ အဲဒီတော့ ကျွန်မက ဘာလုပ်သလဲ? ဘောင်းဘီရဲ့ ကောင်းကြောင်းတွေ နေ့တိုင်းပြောပြီး သူတို့ဝတ်ဖို့ ဘောင်းဘီတွေ ချုပ်ပေးလိုက်တာပေါ့။ ဘောင်းဘီက ကျွတ်မကျဘူး၊ ခလုတ်မတိုက်ဘူး၊ မပူဘူး၊ ဘယ်လိုပဲ လှုပ်ရှားလှုပ်ရှား မပေါ်သင့်တဲ့နေရာတွေကို လုံခြုံအောင် ဖုံးအုပ်ပေးနိုင်တယ်... စတာတွေကို နေ့တိုင်းပြော နေ့တိုင်းတိုက်တွန်းတာကြောင့် အခုဆို သူတို့လည်း ဘောင်းဘီလေးတွေ ဝတ်လာကြပါပြီ။ (အသက်၉၀ကျော် အဘွားကြီးကတော့ ဘယ်လိုဖြောင့်ဖြောင့် မရတာကြောင့် နွေရာသီမှာ ထမီပူပူကြီးနဲ့ ဒုက္ခခံနေရပါတယ်)

ဒါက ဘောင်းဘီရှည်ပဲ ရှိပါသေးတယ်၊ ဘောင်းဘီတိုဝတ်နိုင်ဖို့ အများကြီး ဆက်ကြိုးပမ်းရပါဦးမယ်။ ဝမ်းသာစရာသတင်းကတော့ ကျွန်မတို့အိမ်မှာ ဘောင်းဘီတိုဝတ်ပြီး အိမ်နားတစ်ဝိုက်လျှောက်သွားလို့ ရပါပြီ။ 

ကဲ... ကျွန်မကတော့ ပြောပြီးပြီ။ ရှင်တို့မှာရော ပြောစရာ ရှိသေးလား...


Comments