Featured post
- Get link
- X
- Other Apps
အခုက မတ်လထဲဝင်လာပြီဆိုတော့ နှစ်သစ်အစတုန်းက "ဒီနှစ်မှာတော့ ဘာတွေလုပ်မယ် ညာတွေလုပ်မယ်"နဲ့ ကြွေးကြော်ထားသမျှတွေကို တကယ်လုပ်ဖြစ်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်တဲ့အချိန် ရောက်လာပါပြီ။ တစ်လ နှစ်လလောက် ရှိလာတော့ ကိုယ်သွားနေတဲ့လမ်းကြောင်းလေး အရှိန်နည်းနည်းရနေပြီဖြစ်တဲ့အတွက် ဘယ်ကိုဦးတည်နေလဲ သိနိုင်လောက်တဲ့အချိန်၊ ဒါပေမဲ့လည်း အရမ်းကြီး နောက်မကျသေးလို့ ပြန်ပြင်ဖို့လည်း အချိန်မီသေးတဲ့အချိန်ကလေးပါ။
ကျွန်မရော ဘာတွေကြွေးကြော်ထားခဲ့သလဲ?
- နောက်ထပ်အလုပ်သစ်တစ်ခု ရှာဖို့
- တစ်လမှာ ပညာရမဲ့ သင်တန်း ၂ခုလောက်တက်ဖို့
- မနက်စာ မှန်မှန်စားဖို့
- အိပ်ခါနီးတိုင်း အကြောလျှော့လေ့ကျင့်ခန်းလုပ်ဖို့
- အိုးခွက်ဆေးတာဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေးဖြစ်ဖြစ် အိမ်ရဲ့ အလုပ်တစ်ခုကို တာဝန်ယူဖို့
- ပိုပြီးကောင်းတဲ့ ဆရာမလုပ်ဖို့
လုပ်ဖြစ်ရဲ့လားဆိုတော့ မလုပ်ဖြစ်ဘူးလို့ပဲ ပြောရမှာပဲ..ကျွန်မရဲ့ အခုအချိန်ဇယားက တော်တော်လေး ဟိုမရောက် ဒီမရောက်နဲ့ အစီအစဉ်မကျ ဖြစ်နေပါတယ်။ နောက်ထပ် full-timeအလုပ်တစ်ခုထပ်ရဖို့က မဖြစ်နိုင်ပါဘူး။ part-timeကလည်း နေ့တိုင်း ဒီအချိန် အချိန်မှန် မလုပ်နိုင်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ freelanceလုပ်ဖို့ကျတော့လည်း အတွေ့အကြုံနဲ့ အရည်အချင်းက ရှိမနေဘူး🙂အဲဒီတော့ အလုပ်သစ်ကို လက်လျှော့ပြီး ကိုယ့်ဘဝတစ်လျှောက်လုံးသွားမဲ့ careerကို တည်ဆောက်ဖို့ပါပဲ။
တစ်လမှာ သင်တန်း၂ခုတက်ဖို့အတွက် အရင်တက်လက်စ self-pacedစနစ်နဲ့သွားထားတဲ့ သင်တန်းတွေကို အရင်ဖြတ်ပစ်ရမှာပါ။ အခုတော့ အရင်ကဟာတွေ မဖြတ်နိုင်ဘဲ အသစ်တစ်ခု ထပ်စထားလို့ တက်နေတဲ့သင်တန်းက ၄ခုရှိနေပြီး ဘယ်ဟာမှလည်း မပြီးသေးပါဘူးရှင် (ဘာလို့လဲဆို အားအားရှိတိုင်း တရုတ်ဝတ္ထုဖတ်နေလို့ပဲပေါ့)
မနက်စာ မှန်မှန်စားဖို့ဆိုတာက ဒီနှစ်မှ ပါလာတဲ့ အသစ်အဆန်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက ချမှတ်ထားတဲ့ ရည်မှန်းချက်ပါ (ပြီးတော့ တစ်နှစ်မှ မအောင်မြင်ခဲ့ပါဘူး) ကျွန်မက နောက်ကျမှ အိပ်ရာထတယ်။ မနက်စာစားရမဲ့အချိန်ကို အိပ်ပစ်လိုက်ပြီး ထတဲ့အခါ အလုပ်တန်းလုပ်ရတော့ မနက်စာက အမြဲငတ်ပါတယ်။ ကျောင်းတက်တုန်းကတော့ မနက်စာမှန်ဖို့ မျိုးစုံကြိုးစားပါတယ်။ အိမ်ကနေ မနက်စာ စားမပြီးမချင်း မထွက်ရဘူးဆိုပြီး လုပ်တာတွေ၊ အရမ်းနောက်ကျနေတဲ့နေ့တွေဆို မနက်စာကို busကားပေါ်မှာ စားတာတွေ၊ ကျောင်းရောက်လို့ ဆရာမလာခင် ထမင်းချိုင့်ဖွင့်စားတာတွေ လုပ်ပါတယ်။ အဲဒါကြောင့်ပဲလားမသိဘူး... ကျောင်းတက်တဲ့နှစ်တွေတုန်းက နေ့တိုင်းလိုလို မနက်စာ စားဖြစ်ပြီး အခု အိမ်မှာနေရတဲ့ သုံးနှစ်ကျမှ မနက်စာအမြဲလွတ်လို့ လူကလေးဟာ ပိုပြီး ပိန်ညှောင်လာပါတော့တယ်။
မနက်စာတောင် မမှန်တာ အကြောလျှော့လေ့ကျင့်ခန်းတို့ အိမ်သန့်ရှင်းရေးတို့ဆိုတာ ဝေလာဝေးရော၊ အထွေအထူးပြောဖို့တောင် မလိုတော့ပါဘူး။
ဒါပေမဲ့ ကလေးတွေကို စာသင်ဖို့တော့ မနှစ်ကထက် ပိုပြီး အလုပ်လုပ်ပါတယ်။ သူတို့အတွက် စာမေးပွဲအသေးစားကလေးတွေ ပိုလုပ်တယ်၊ စာတွေပိုရှာတယ် အဲ.. တိုးတက်လာတာဆိုလို့ ဒီတစ်ခုပဲ ရှိပါသေးတယ်။
ကဲ... ရှင်တို့ရော ကိုယ်ချထားတဲ့ new year's resolutionထဲက ဘယ်နှခုလောက်ကို လုပ်ဖြစ်ကြလဲ၊ ဘယ်ဟာတွေကတော့ အချိန်မနှောင်းခင် ပြန်ပြင်ရမလဲ တွေးဖူးကြလား
- Get link
- X
- Other Apps
Comments
ဒါနဲ့ Cat မှာ email address ရှိလား
ReplyDeleteမေးစရာတစ်ခုလောက်ရှိလို့ဗျ
email နဲ့ဆို ပိုအဆင်ပြေပါတယ်ထင်တယ်
This comment has been removed by the author.
Deleteကျေးဇူးပါ။ Cat ရဲ့ email ပါတဲ့ comment ကို အခုဖျက်လို့ရပါတယ်ဗျ။ (bots)
Delete