Featured post

မြန်မာနိုင်ငံက မိန်းမတွေ

 မတ်လ၈ရက်နေ့က အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ကျွန်မသိတဲ့သူတွေ တော်တော်များများက  အမျိုးသမီးတွေရဲ့ စွမ်းဆောင်ချက်တွေနဲ့ ကျားမတန်းတူအခွင့်အရေး ရရှိရေးကို ရေးကြတင်ကြပါတယ်။ အမျိုးသမီး နိုဘယ်ဆုရှင်တွေအကြောင်း၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ အမျိုးမျိုးသော အဓိပ္ပာယ်မရှိတဲ့ကန့်သတ်ချက်တွေကြောင့် အ‌နောက်မှာ ကျန်ခဲ့ရတဲ့ အမျိုးသမီးတွေအကြောင်းလည်း ပြောကြပါတယ်။

ကျားမတန်းတူအခွင့်အရေးလို့ အော်ကြရင် တချို့သောသူတွေက ပြက်ရယ်ပြုကြပါတယ်။ "တန်းတူအခွင့်အရေးလား… နင်တို့ လာပြီး စစ်တိုက်ကြလေ၊ အုတ်ခဲသယ်လေ၊ busကားပေါ်မှာ ယောက်ျားတွေဖယ်ပေးတဲ့နေရာမှာ မထိုင်နဲ့လေ"ဆိုပြီး (ကျွန်မတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ လားလားမှမဆိုင်တဲ့စကားတွေနဲ့) ခနဲ့ကြပါတယ်။ အမှန်ပြောရရင် တပ်ထဲဝင်ပြီး စစ်တိုက်တဲ့ စစ်သမီးတွေ ရှိပါတယ်၊ ယောက်ျားတွေထက် အုတ်သဲမဆလာ ပိုသယ်ပြီး ပိုနည်းတဲ့အဖိုးအခနဲ့ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်၊ busကားပေါ်မှာ မတ်တပ်ရပ်စီးနေရင်း ယောက်ျားတွေဆီက လိင်ပိုင်းဆိုင်ရာစော်ကားမှုကိုပါ ခေါင်းငုံ့ခံနေရတဲ့ အမျိုးသမီးကြီးကြီးငယ်ငယ်တွေလည်း အပုံကြီးရှိပါတယ်။ သူတို့လိုသာ ခနဲ့ရကြေးဆို "နင်တို့လည်း ကလေးလာမွေးကြည့်ပါလား"လို့ပဲ ပြောလိုက်ချင်ပါတယ်။ (တစ်နေ့တစ်နေ့ အပြင်ထွက်ပြီး အလုပ်လည်း လုပ်ရ၊ အလုပ်မှာလည်း အစော်ကားခံရ၊ အိမ်ကအလုပ်တွေလည်း လုပ်ရ၊ ကလေးလည်း ပြုစုရတဲ့ နေထိုင်မှုဘဝထဲမှာ ခနဲ့နေတဲ့ အမျိုးသားတွေကို တစ်နှစ်လောက်ပဲ ထည့်ကြည့်ချင်ပါတယ်)

ကျွန်မတို့က ကျွန်မတို့ စိတ်ဝင်စားရာကို ကန့်သတ်ချက်တွေမရှိဘဲ လုပ်ချင်ကြရုံလေးပါ။ ကျွန်မတို့အဝတ်တွေကို နေပူတဲ့နေရာမှာ လှန်းချင်တယ်၊ အင်ဂျင်နီယာ ဆေးပညာရပ်တွေကို လေ့လာချင်ကြတယ်၊ အားသန်ရာ ဌာနမှာ အလုပ်လုပ်ပြီး ကိုယ်ပိုင်ဝင်ငွေ ရချင်ကြတယ်၊ ကိုယ့်ဘဝကို သူများအပေါ်မှာ မှီခိုနေရတာမျိုး မလိုချင်ကြဘူး၊ (လိင်ဖျော်ဖြေရာပစ္စည်းတစ်ခုလို မဟုတ်ဘဲ) လူသားတစ်ယောက်လို လေးလေးစားစားဆက်ဆံတာကို ခံချင်တယ်၊ ကျားမဟုတ်ဘဲ 'မ'ဖြစ်နေတာတစ်ခုတည်းကြောင့် မလုပ်ရတာတွေကို မခံမရပ်နိုင်ဖြစ်နေကြရုံလေးပါ။ မဖြစ်နိုင်တာကို မမြင်နိုင်ဘဲ တောင်းဆိုနေတာလည်း မဟုတ်ပါဘူး။ ရသင့်တာကို လိုက်ပြီး ပိတ်ပင်နေလို့ အသံထွက်လာကြတာ။ အဲဒါကို တချို့သောသူတွေက ဘာတွေများ ဆတ်ဆတ်ထိမခံ ဖြစ်နေကြလဲ ကျွန်မတော့ လုံးဝနားမလည်ဘူး။ ကိုယ်ကလည်း မှားနေသေး ဗိုလ်ကျချင်သေး သူများက အမှန်ကိုပြောတော့ ချက်ချင်းဖမ်းပြီး ထောင်ချပစ်တဲ့ အာဏာရူးတွေလိုပဲလို့တော့ မှတ်ယူလိုက်ပါတယ်။

ကျွန်မပတ်ဝန်းကျင်က အမျိုးသမီးတွေက တော်တော်မတရားတဲ့ ခွဲခြားဖိနှိပ်မှုတွေကို ကြုံနေရပါတယ်။ မကြာသေးခင်ကပဲ ကျွန်မသူငယ်ချင်းတစ်ယောက်က သူတို့အိမ်မှာ ယောက်ျားအဝတ်တွေကို သပ်သပ်ခွဲပြီးလျှော်ရကြောင်း၊ အဝတ်ထည့်တဲ့ဇလုံကအစ ခွဲခြားထားရကြောင်းပြောတော့ ကျွန်မတော်တော်အံ့ဩမိပါတယ်။ ကျွန်မထင်ထားတာက အဲလိုအတွေးအခေါ်တွေက ခေတ်မီအတွေးအခေါ်ပညာရပ်တွေ မရောက်နိုင်တဲ့ ဝေးလံခေါင်ဖျားတဲ့နေရာမှာပဲ ရှိနေတာလို့ပဲလေ။ (ဘာလို့လဲဆို ကျွန်မက ချင်းတောင်မှာနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ မိန်းမဖြစ်လို့ဆိုပြီး အဝတ်တွေကို အိမ်ရှေ့မှာတောင် ထုတ်မလှန်းနိုင်တဲ့ ခွဲခြားခံရပုံတွေကို ဖတ်ခဲ့ဖူးတာကိုး) ကျွန်မသူငယ်ချင်းရဲ့ မိဘတွေက စာသင်နိုင်ပြီး ခေတ်နဲ့အလှမ်းမဝေးတဲ့ ပြည့်ပြည့်စုံစုံအမျိုးအစားပါ၊ ကျွန်မတို့အိမ်ထက်တောင် ပြည့်စုံပါသေးတယ်။ အဲဒီလို ခေတ်ပညာတတ်အမျိုးသားတစ်ဦးက ကိုယ့်ရဲ့ကြင်ဖက်တစ်ယောက် ဒီလိုတွေး ဒီလိုပြုမူနေတာကို လက်ပိုက်ကြည့်နေပြီး ခေတ်ပညာတတ်အမျိုးသမီးကလည်း ကိုယ်ကိုယ်တိုင် ခွဲခြားပြုမူနေရုံသာမက ကိုယ့်သမီးကိုပါ ဒီလိုအတွေးတွေ လက်ဆင့်ကမ်းနေတာ မယုံနိုင်စရာပါပဲ။ အိုး... ခွဲခြားမှုဆိုတာ ငွေကြေးပြည့်စုံတာ မပြည့်စုံတာ၊ ပညာတတ်တာ မတတ်တာနဲ့လည်း မဆိုင်ပါလားနော်..

ကျွန်မတို့က သူများမိသားစုတွေနဲ့မတူ မိန်းမတွေချည်း စုနေကြတာပါ။ တစ်ခါတလေမှ အစ်ကိုဝမ်းကွဲတစ်ယောက်လာနေတတ်ပါတယ်။ အဲဒီတော့ မိန်းမအဝတ်စိမ်တဲ့ပုံးမှာလည်း သူ့အဝတ်တွေ စိမ်လျှော်ရတာပဲ၊ မိန်းမအဝတ်အစားတိုက်တဲ့ brushနဲ့လည်း တိုက်ရတာပဲ၊ မိန်းမအဝတ်လှန်းတဲ့နေရာမှာလည်း လှမ်းရတာပဲ။ မလုပ်နိုင်ဘဲ ခွဲခြားချေးများနေရင်တော့ မောင်းထုတ်ခံရမှာဖြစ်ပါတယ်။ ကျွန်မတို့အိမ်မှာလည်း ခွဲခြားမှုတွေ အနည်းငယ်တော့ ရှိပါတယ်။ များသောအားဖြင့်တော့ ကျွန်မတို့က (အမေ၊ ကျွန်မနဲ့ ညီမတော်) ယောက်ျားတွေကို ပြန်ခွဲခြားကြတာပါ🤣 (ယောက်ျားတွေ အိမ်သာဝင်ပြီးရင် ထိုင်တဲ့နေရာကို ဆေးပစ်ကြတာမျိုး၊ သူတို့ခြုံပြီးတဲ့စောင်ကို ကျွန်မတို့ ပြန်မသုံးခင် လျှော်ပစ်ကြတာမျိုးပေါ့) အဘောင်မကတော့ အသက်၇၀ကျော်ပြီမို့ ဒိတ်အောက်တဲ့အတွေးအခေါ်တွေ ရှိနေဆဲပါ။ ဥပမာ ထမီကို အိမ်ရှေ့မှာ မလှန်းရဘူးဆိုတာမျိုး၊ အသက်၅၀ကျော် ခြေအကောင်း လက်အကောင်း ရှိတဲ့ သူ့သားရဲ့ပန်းကန်ကို ဆေးပေးနေတာမျိုးတွေ ဖြစ်ပါတယ်(သားတော်မောင်ကတော့ အရှက်မရှိစွာ အိမ်ရှေ့မှာ အခန့်သားထိုင်နေလေရဲ့ )။ 

အရင်နေ့က ပွစိပွစိများတတ်တဲ့ အမေတို့နဲ့ မနေနိုင်တော့ဘူး၊ အိမ်ခွဲနေမယ်လို့ ပြောမိတဲ့အခါ အဘောင်မက "အို… မိန်းကလေးတစ်ယောက်တည်းနေလို့ ဘယ်ဖြစ်မလဲ။ အိမ်ထောင်ကျမှ ခွဲနေရမပေါ့"လို့ ပြောပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကို နှစ်အတော်ကြာခံစားခဲ့ရတဲ့ ကျွန်မအမေကတော့ "ယောက်ျားဆိုတာ နင်တို့ကို ခေါင်းပုံဖြတ်မဲ့သူတွေ၊ ယူမနေနဲ့၊ ငါတို့နဲ့ပဲ နေ" လို့ပြောပါတယ်။ ကျွန်မကလည်း အိမ်ခွဲနေရအောင် ယောက်ျားတစ်ယောက်လောက် အမြန်ရှာယူပစ်ရမယ်လို့ တွေးနေမိပါတယ်။ နောက်ကျမှ စဉ်းစားမိပါတယ်။ ဪ... ငါ့နှယ် မိဘအရိပ်အောက်က လွတ်လွတ်လပ်လပ်ခွဲနေဖို့ကို ယောက်ျားတစ်ယောက်အပေါ် မှီခိုနေရဦးမတဲ့လား😐😕

Comments

  1. အမျိုးသမီးအကုန်လုံးမှာ လုံခြုံရေးနဲ့ တန်းတူအခွင့်အရေးရရှိပါစေ။
    Cat တို့အိမ်မှာ girl power အများကြီးရှိတယ်! ကောင်းလိုက်တာ!
    အမျိုးသားကောင်းဆိုတာကို ရှာတွေ့ဖို့ ခက်ပေ
    မယ့် ဖြစ်နိုင်သေးတယ်လို့ မျှော်လင့်ထားတယ်။
    Cat နောက်ဆုံးရေးထားတဲ့ စာတန်းက catch-22 တစ်ခု ရှိတယ်နော်။ :/

    ReplyDelete
    Replies
    1. ရပါတယ်။ ကျွန်မ ပိုက်ဆံတွေအများကြီးရှာပြီး ကိုယ်ပိုင်အိမ်ဝယ်နိုင်တဲ့တစ်နေ့ကျရင် တစ်ယောက်တည်း အားရအောင် နေဦးမှာပါ။ ဒါပေမဲ့လည်း တရိပ်ရိပ်တက်နေတဲ့အိမ်ဈေးတွေကို အမီလိုက်နိုင်ပါ့မလားဆိုတာပဲ စိုးရိမ်မိတယ်

      Delete
    2. ဟုတ်ကဲ့ တစ်နည်းနည်းနဲ့ အဆင်ပြေလိမ့်မယ်။
      အိမ်ဝယ်စရာ ပိုက်ဆံရှာဖို့ Cat က တစ်နေ့နေ့မှာ best seller တစ်ခု ရေးထားရင်ရေးထားမယ်။ အဲဒါတောင် ဖြစ်နိုင်ပါတယ်။

      Delete
    3. Best seller ရေးနိုင်ဖို့ဆိုတာကတော့ တော်တော်မြှောက်လွန်းရာ ကျနေပါပြီ🤣🤣

      Delete
  2. ကျွန်တော့်အမြင်အရကတော့ Cat က best seller တကယ်ရေးနိုင်မလား
    ဘာလို့မဖြစ်ရမလဲ!

    ReplyDelete
    Replies
    1. ကျွန်မက လူတွေ ဘာကိုကြိုက်တတ်မှန်း မသိဘူး😅

      Delete
  3. အဓိကတစ်ချက်ကတော့ ကိုယ့်ကိုကိုယ် ပျော်ရွှင်စေအောင် ကိုယ့်ကိုကိုယ် ကြိုက်သလို ရေးကြည့်ပါ
    အဆင်ပြေလိမ့်မယ်။

    ReplyDelete
    Replies
    1. ကျွန်မ အခု အဲသလိုပဲ လုပ်နေတာပေါ့😊

      Delete

Post a Comment