Featured post

ပုဏ္ဏားနွားရောင်း လတပေါင်း

 ဒီနေ့က မတ်လ ၂ရက်၊ တပေါင်းလဆန်း ၁ရက်ပါ။ နွေဘက်ရောက်လာတဲ့အတွက် ရာသီဥတုက တဖြည်းဖြည်း ပူလာပါပြီ။ နေ့ဘက်တွေဆို ချွေးထွက်လို့ တရေးတမော မအိပ်နိုင်၊ ညဘက်တွေကျတော့လည်း မှောင်နေပေမဲ့ အိုက်စပ်စပ်ဖြစ်နေတာမို့ လူးရင်းလှိမ့်ရင်း ၁၂နာရီကျော်မှ အိပ်ပျော်ကြပါတယ်။ အရုဏ်တက်လောက်ဆိုရင်တော့ ဘယ်ကမှန်းမသိ လေအေးတွေတိုက်လာပြီး အေးစိမ့်စိမ့်ဖြစ်လာပါတယ်။ အဲဒီကနေ မနက်ခင်း ၁၁နာရီလောက်အထိတော့ လေလေးတဖြူးဖြူးနဲ့မို့ နေရထိုင်ရ သက်သာပါတယ်။ အဲ.. ၁၂နာရီကျော်လို့ နေ့လယ်ဘက်ရောက်ရင်တော့ ပူအိုက်တဲ့အလှည့် ရောက်လာပြန်ပါတယ်။ 

တပေါင်းလလယ်လောက်မှာ အပူချိန်တွေ ရုတ်တရက် ကျသွားတတ်ပါတယ်။ ဆောင်းရာသီအကြွင်းအကျန်ကလေးနဲ့ လက်ကုန်ပဲ အေးခိုင်းလိုက်တာလားမသိပါ။ ဟိုးအရင်က နွားကျောင်းတဲ့ပုဏ္ဏားဟာ ညဘက်တွေ အေးလွန်းတာကို မခံနိုင်လို့ ရှိတဲ့နွားကိုရောင်းပြီး စောင်ဝယ်ခြုံတယ်လို့ အမေက ပြောဖူးပါတယ်။ အဲလိုနဲ့ တပေါင်းလကုန်လို့ နွေစစ်စစ်ရောက်တဲ့အခါမှ "ငါ့နွားတော့ ဆုံးပါပြီ" လို့ နောင်တရသတဲ့။ 

ရာသီဥတုပဲ ခန့်မှန်းမရတာ မဟုတ်ပါဘူး။ မီးနဲ့ရေလည်း ပြတ်ပါတယ်။ "နွေရာသီရောက်ပြီ ဖြစ်ပါသဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်မှုနှုန်း လျော့ကျလာသောကြောင့် သုံးစွဲမှုဝန်အားများ လျှော့ချရန် အလှည့်ကျ မီးပေးစနစ်ဆောင်ရွက်မည် ဖြစ်ပါသည်" ဆိုပြီးတော့ ကြေညာစာတွေနဲ့အတူ ဘယ်နေ့ဘယ်အချိန်မှာတော့ မီးပြတ်မယ်ဆိုတဲ့ အချိန်ဇယားတွေကို တွဲပြီး တွေ့ရတတ်ပါတယ်။ ရေကတော့ ခါတိုင်း တစ်ရက်ခြားတစ်ခါ လာနေကျကနေ ၃ရက်တစ်ခါလောက် ဖြစ်သွားတတ်ပါတယ် (အဲဒီထက်လည်း ကြာတတ်ပါတယ်။ အမလေး ရေသာမရတာ ရေဖိုးကတော့ လျှော့ပေးရတယ်လို့ မရှိပါဘူး😓)

နေလို့သာ သိပ်မကောင်းတာ တပေါင်းလက တော်တော်ကို သာယာတဲ့လဖြစ်ပါတယ်။ မနက် ၅နာရီခွဲကျော်လောက်ဆို နေရောင်ခြည်ရဲရဲလေးနဲ့အတူ အပြာလိုလို ခရမ်းလိုလို ကောင်းကင်မှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ တိမ်မဖြူမနီလေးတွေကို တွေ့ရမှာပါ (စောစောထရင်ပေါ့😂) ကျွန်မ အရင်က မနက်စောစော(၄နာရီလောက်) ထပြီး စာရေးတော့ စာတစ်ပုဒ်လည်း အပြီး ဒီလို ရှုခင်းလေးလည်းတွေ့ ဆိုတော့... အသက်ရှင်ရတာ အရမ်းအရသာရှိသလို ခံစားရပါတယ်။ ညနေဘက်တွေဆိုလည်း နေမဝင်ခင်အချိန်လေးက အရမ်းလှပါတယ်။ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှတွေ အကုန်မေ့သွားသလိုပါပဲ..  "တပေါင်းသာခေါင် လများနောင်" လို့ ဆိုရိုးစကား ရှိတာ အဲဒါကြောင့်ပဲလားတော့ မသိပါဘူး။

နောက်လဆိုရင်တော့ သင်္ကြန်ရောက်ပါတော့မယ်။ ပူလွန်းတဲ့ ရာသီကို ရေလောင်းလို့ အံတုရင်း အခန့်မသင့်ရင် အပူရှပ်ကြပါဦးမယ်။


Comments