Featured post

ပေါချောင်ကောင်း

 ပစ္စည်းကောင်းကောင်းလေးတစ်ခုကို အဟောင်းတန်းကဖြစ်ဖြစ် ဈေးထဲက မျက်စိမူးအောင် ရှာလို့ပဲဖြစ်ဖြစ် ဈေးသက်သက်သာသာလေးနဲ့ ရလိုက်နိုင်ပြီဆို "ပေါချောင်ကောင်း"လို့ ကျွန်မတို့ ခေါ်လေ့ရှိကြပါတယ်။ 

ပေါပေါပဲပဲကို ချောင်ချောင်ချိချိလေးနဲ့ ကောင်းကောင်းလေး။ 🤗

အမှန်တော့ အဲဒါ မဖြစ်နိုင်လောက်အောင်ကို စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ကျွန်မက နားမလည်ခဲ့ပါဘူး။ ဆင်းကလည်း ဆင်းရဲသကိုး။ ကပ်စေးကလည်း နည်းသကိုး။ တန်ရာတန်ကြေး မပေးဘဲ အချောင်ရချင်တဲ့စိတ်ကလည်း ခပ်များများရယ်။ အဲဒီတော့ ခံရတာပါပဲ။ 😓

ပေါချောင်ကောင်းကို ပထမဆုံး စသိခဲ့တာက ၇နှစ် ၈နှစ်လောက် ရှိမလား… အဲဒီတုန်းက ကျွန်မတို့ ကရင်တော ချင်းတောထဲမှာ နေကြတာပါ။ ဆိုလိုတာက အဲဒီ့ရပ်ကွက်မှာ ကရင်တွေ ချင်းတွေပေါတော့ ခရစ်ယာန်တွေပေါသလို ဘုရားရှိခိုးကျောင်းတွေလည်း များတယ်ပေါ့။ ကျွန်မတို့ တစ်အိမ်ကျော်မှာ သောကြာနေ့ညနေဆို စုပြီး ဘုရားရှိခိုးကြ၊ တနင်္ဂနွေနေ့ ဈေးသွားရင် ဈေးထဲက ဘုရားကျောင်းက ခေါင်းလောင်းသံကို ကြားရ၊ နေ့လည်နေ့ခင်းဘက်တွေဆို ယေရှုခရစ်တော်အကြောင်း ဓမ္မစာအုပ်လေးတွေ အိမ်တိုင်ရာရောက် လာဝေ၊ ကျွန်မကလည်း လူကြီးတွေ အိပ်နေချိန်မှာ သူတို့ လက်ကမ်းစာစောင်လေးတွေ အကုန် ဖတ်ပစ်တာပဲ။ အဲလိုနဲ့ တစ်နေ့ ဈေးသွားပြီး ပြန်အလာ အိမ်နားက ဦးလေးက သူတို့အိမ်မှာ အလှူလုပ်မဲ့အကြောင်း၊ လက်ဆောင်တွေလည်း ပေးမှာ ဖြစ်တဲ့အကြောင်း ပြောသံကြားရတော့ ကျွန်မ အတော် စိတ်ဝင်စားသွားပါတယ်။ အမေ အဲဒီ့အိမ်ကို သွားပါစေလို့လည်း ဆုတောင်းနေပါတယ်။ 🤩

ဆုတောင်းပြည့်ခဲ့ပါတယ်။ ဘာဟင်းတွေပါလဲ သေချာမမှတ်မိတော့ပေမဲ့ ကျွန်မ တော်တော်စားကောင်းခဲ့တာတော့ မှတ်မိပါသေးတယ်။ အဲလိုနဲ့ ပြန်လာတော့ ကျွန်မတို့မှာ လက်ဆောင်လည်း မပါဘူး။ အမေ့ကို မေးတော့ "အမလေး သမီးရဲ့ ဘယ်သူက အလကား ထမင်းကျွေးပြီး လက်ဆောင်ပေးမှာလဲ။ လက်ဆောင်ဆိုတာ ခရစ်ယာန်ဘာသာဝင်မှ ရတာ သမီးရဲ့" လို့ ရယ်ပြီး ပြန်ပြောပါတော့တယ်။ (ကျွန်မ အမေရော အဖေရောက ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်) ဪ.. ဟုတ်လား.. မသိဘူးလေ။ သမီးက လက်ဆောင်ဆိုလို့ ဘာလက်ဆောင်လဲ စိတ်လှုပ်ရှားပြီး မျှော်လင့်နေတာ..😐

နောက်ဆယ်တန်းပြီးတော့ တက္ကသိုလ်တက်တဲ့အခါ နှုတ်ခမ်းနီကို အရမ်းစွဲမက်လာပါတော့တယ်။ တခြား မျက်နှာမှာ လိမ်းရတဲ့ဟာတွေကို လုံးဝ စိတ်မဝင်စားဘူး။ နှုတ်ခမ်းနီတစ်ခုတည်းပဲ၊ နှုတ်ခမ်းနီအရောင်တွေထဲကမှ အနီရောင်လွင်လွင်လေး..(ကျောင်းကသူတွေကတောင် "ဒီကောင်မလေး မျက်နှာပြောင်မှာ နှုတ်ခမ်းနီတစ်ခုတည်းဆိုးလို့ ဘယ်လိုကြီးလဲ" ဆိုပြီး ဝိုင်းကြည့်ကြပါသေးတယ်၊ ဒါပေမဲ့ ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေတဲ့ ကျွန်မဟာ သူတို့ဘာတွေးလို့ ဘာထင်မှန်း လုံးဝ မသိပါဘူး။ သူငယ်ချင်းတစ်ယောက်က "ငါ အဲလိုထင်ခဲ့တာပေါ့" လို့ လာမပြောမချင်းပါပဲ) ။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်မမှာ ပိုက်ဆံ မရှိဘူးလေ.. အဲဒီတော့ ဈေးသက်သာတဲ့ အလှကုန်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ တိုးဝှေ့လို့ ရှာသပေါ့။ နောက်ဆိုးကြည့်လို့ နှုတ်ခမ်းမှာ ပူစပ်စပ် ဖြစ်လာတော့မှ "ဟဲ့ ငါတော့ သွားပြီ" ဆိုပြီး နှုတ်ခမ်းပျက်စီးမှာကြောက်လို့ ဆက်လည်း မဆိုးနိုင်ဘဲ ဝယ်လိုက်တဲ့ ၁၅၀၀ကလေးသာ နှမြောတသစွာ ရေစက်ချလိုက်ရပါတော့တယ်။ 😪😪

ဒီတစ်ခါကတော့ ညီမတော် အလှည့်ပါ။ အမှန်ဆို သူက ကျွန်မလို ကပ်စေးမနည်းပါဘူး။ ဒါပေမဲ့ အတူနေတာ ကြာလာလို့ပဲလား... သူလည်း ဈေးပေါပေါအလှကုန်ပစ္စည်းတစ်ခု ဝယ်လိုက်ပါတော့တယ်။ သူ့ပါးလေးက ကလေးပေါက်စရဲ့ ပါးလေးလို နူးနူးညံ့ညံ့အိအိလေးပါ။ ဒါပေမဲ့ အဲဒါသုံးတဲ့အချိန်ကစ အဆီဖုတွေရော အနီဖုတွေရော ထွက်လာလိုက်တာ ၃နှစ်ကြာ ယနေ့အချိန်ထိ မပျောက်သေးပါဘူး။ 

နောက်... ကျွန်မတို့ ရုပ်ရှင်သွားကြည့်ကြပါတယ်။ လက်မှတ်က Samsungဖုန်းကုမ္ပဏီက ပရိုမိုးရှင်းပေးတဲ့ လက်မှတ်ပါ။ အဲဒီ့အချိန်က ရန်ကုန်မှာ ရိုးရိုးခုံနဲ့ မဟုတ်ဘဲ Bean bagနဲ့ကြည့်နိုင်တဲ့ ရုပ်ရှင်ရုံတို့ ဆိုဖာနောက်မှီခြေဆန့်ထိုင်ခုံနဲ့ ကြည့်နိုင်တဲ့ ရုပ်ရှင်ရုံတို့ ဖွင့်စအချိန်လည်း ဖြစ်ပါတယ်။ အဲဒါနဲ့ ကျွန်မက စဉ်းစားတာပေါ့။ လက်မှတ်က အလကား၊ ရိုးရိုးရုံနဲ့ ပရီမီယမ်ရုံနဲ့ ကုမ္ပဏီက တစ်ခုတည်းဆိုတော့ကာ.. ကြည့်ချင်းကြည့် ပရီမီယမ်မှာပဲ ကြည့်တော့မပေါ့ဆိုပြီး ညီမတော်ကို စည်းရုံးလို့ အားကြိုးမာန်တက် ချီတက်သွားကြပါတယ်။ ဟိုရောက်တော့မှ ပရိုမိုးရှင်းက လက်မှတ်အမျိုးအစား အကုန်လုံးကို ထောက်ပံ့တာမဟုတ်ဘဲ ၄၅၀၀ကျပ်ပဲ ပေးတာဆိုပဲ (ပရီမီယမ်လက်မှတ်က တစ်သောင်းခွဲပါ)။ ညီမတော်ကတော့ မျက်စိမျက်နှာ ပျက်နေပါပြီ။ ကျွန်မကတော့ ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး ကတ်နဲ့ ရှင်းပြီး ခပ်တည်တည်နဲ့ ရုပ်ရှင်ဝင်ကြည့်ပါတယ် (ညီမတော်ကတော့ ကျွန်မဆီ အကြွေး တစ်သောင်းကျော်ဆပ်လိုက်ရတာပေါ့😆)

နောက် ခေါင်းဖြီးဝယ်တာတို့၊ ဖုန်းဝယ်တာတို့ ရှိပါသေးတယ်။ ဒါပေမဲ့ စာရှည်ပြီး အီနေမှာကြောက်လို့ မပြောတော့ပါဘူး။ အဓိကဆိုလိုချင်တာက အရာတစ်ခုက 'ပေါချောင်'နေပြီဆို ကောင်းဖို့အခွင့်အလမ်းက တော်တော်နည်းပါတယ်။ ကောင်းတယ်ဆိုရင်လည်း သူ့တန်ဖိုးကို သူမသိသေးလို့ပါ။ သိသွားပြီဆိုတာနဲ့ ဈေးတက်သွားတာ သဘာဝပါပဲ။ 

အဲဒီတော့ ပစ္စည်းပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် (အလုပ်ရှင်တွေ အလုပ်ခန့်တဲ့အခါ) တန်ရာတန်ကြေးပေးဖို့ကို မတွန့်ဆုတ်ရဘူး🧏🏼‍♀️🧏🏼‍♀️။ တွန့်ဆုတ်ရင် ပစ္စည်းကောင်း မဝင်ဘဲ ပိတ်တတ်တယ်။ အလုပ်ရှင်တွေလည်း လစာနည်းကလေးပေးပြီး လုပ်သက် ဘယ်လောက်ရှိရမယ်တွေ၊ တရားဝင် တာဝန်စာရင်းထဲမပါတဲ့ အလုပ်တွေ တပုံကြီး ခိုင်းပစ်တာတွေ၊ တော်ရဲ့သားနဲ့ အပြစ်ရှာပြီး နှိမ်ထားတာတွေ မလုပ်ရဘူးနော်။ တော်တဲ့သူကတော့ သူတော်မှန်း သိမှာပဲ၊ သူ့ကို မတရားခွစီးထားတဲ့ အလုပ်ကနေ ပြောင်းဖို့ကို စဉ်းစားနေမှာပဲ၊ အဲဒါကြောင့် နောက်ဆုံး တစ်ပြား နှစ်ပြားကို ကပ်စေးကုတ်တာကနေ နာမည်ပျက်တဲ့အထိပါ ရောက်နိုင်တယ်ဆိုတာ အမြဲ သတိထားနေရမှာ ဖြစ်ပါတယ်။

ကဲ... ရှင်တို့ရော အချောင်လိုချင်ရာကနေ ကိုယ့်ကို backfiredဖြစ်ပြီး မီးပွားစင်တဲ့ အဖြစ်အပျက်တွေ ရှိဖူးလား..

Comments