Featured post

အတို့မခံ အခြွေမခံ ရွှေပန်းကန်

 ကျွန်မ နေမကောင်းဖြစ်တိုင်း ဖီးဖီးက "အတို့မခံ အခြွေမခံ ရွှေပန်းကန်"ဆိုပြီး လာလာပြောပါတယ်။  လက်သည်းကလေးနဲ့ ခြစ်မိရင်တောင် ပဲ့ပါသွားနိုင်တဲ့ ရွှေပန်းကန်လိုပဲ ကျွန်မတို့ ညီအစ်မနှစ်ယောက်ဟာလည်း အလွန် နေမကောင်းဖြစ်လွယ်ကြပါတယ်။ (အထူးသဖြင့် ပိုပိန်တဲ့ ကျွန်မက ပိုဖြစ်ပါတယ်။) "ရွှေပန်းကန်ဆိုတော့ ဖူးဖူးမှုတ်ထားခံရမှာပေါ့"လို့ အထင်ရောက်စရာ ရှိပါတယ်။ အမှန်တကယ်တော့ ရွှေပန်းကန်ဖြစ်ရခြင်းရဲ့ နောက်ကွယ်မှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ ခေါင်းမူးရတယ်၊ စားသမျှ ပြန်အန်ရတယ်၊ အဖျားကြီးရတယ်၊ ဆေးခါးကြီးတွေလည်း အများကြီး သောက်ရပါတယ်။

ကျွန်မဟာ အလွန်ချူချာတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မိုးဖွဲကလေးကျနေတဲ့အချိန် ထီးမပါဘဲ ထွက်လိုက်မိရင် ဖျားပြီ၊ လေအေးတိုက်နေတဲ့အချိန် ဝရန်တာထွက်မိရင် အအေးမိပြီ နဲ့ နေလာခဲ့ရပါတယ်။ ကျွန်မရဲ့ မွေးသမိခင်ကလည်း အလွန်သည်းသည်းလှုပ် ဂရုစိုက်ပါတယ်။ ကျွန်မတို့ ချူချာလို့ ဂရုစိုက်၊ ဂရုစိုက်နေလို့ ပိုချူချာနဲ့ သံသရာက လည်နေပါတယ်။ (ဘယ့်နှယ်.. ဂရုစိုက်လို့ပဲ ချူချာရမလား လို့ စောဒကမတက်ပါနဲ့ဦး။ အောက်မှာ ကျွန်မရဲ့ အကြောင်းပြချက်ကို ဖတ်ကြည့်ပါ။ ဪ.. ဆိုပြီး နားလည်သွားပါလိမ့်မယ်)

ပြီးတော့... ကျွန်မတို့ ငယ်ငယ်တုန်းက တော်တော်ဆင်းရဲပါတယ်။ ကံကောင်းလို့ အိမ်ကလေး ခြံကလေးနဲ့ နေရပေမဲ့ အဖေ့ဝင်ငွေက မရှိသလောက်ပါပဲ။ အမေကလည်း နေမကောင်းဖြစ်နေတဲ့ ကျွန်မတို့ကို ပြုစုဖို့ အလုပ်ထွက်လိုက်ရတာဆိုတော့(စဉ်းစားကြည့်ရင် သနားလည်း သနား၊ အားမလို အားမရလည်း ဖြစ်မိပါတယ်။ ကျွန်မသာဆို လုံးဝ အလုပ်ထွက်မှာ မဟုတ်ဘူး။ အိမ်ထောင်ကျပြီးသားပဲ ဖြစ်ဖြစ် မကျဘဲပဲ ဖြစ်ဖြစ် ဝင်ငွေရတဲ့အလုပ်ဆိုတာ ဘဝအာမခံချက်ပဲလေ) ဈေးဖိုးတောင် အနိုင်နိုင်ဆိုတော့ကာ... ဖျားလို့ ပြရမဲ့ ဆေးခန်းဖိုးကတော့ ဝေလာဝေးပါပဲ။

ကံပဲကောင်းချင်တာလား (အမှန်ကတော့ ကံဆိုးတယ်လို့ ပြောရမှာပါ) ကျွန်မအဖေက ဆေးကျောင်းထွက်ဖြစ်ပါတယ်။ (ဆရာဝန်မဟုတ်ပါဘူး၊ ကျောင်းတန်းလန်းနဲ့ ကျွန်မကို မွေးတော့ စာမေးပွဲကျတာနဲ့ ကျောင်းထွက်ပစ်လိုက်ပါတယ်) အဲဒီတော့ သူသိသလောက်နဲ့ ကျွန်မတို့ကို ဆေးကုပါတော့တယ်။ ဘာဆေးလဲဆိုတော့ ပိုးသတ်ဆေးပါပဲ။ Antibiotics တွေကို ကျွန်မ မနှစ်မြို့ပါဘူး။ ဖျားတိုင်း အဲဒါတွေ သောက်ရပါတယ်။ နောက်ပိုင်းတော့ စဉ်းစားမိတယ်... အအေးမိတယ် ဖျားတယ်ဆိုတာ virusကြောင့် ဖြစ်တာဆိုတော့ အဲဒါတွေ လိုလို့လားပေါ့။ ဒါပေမဲ့လည်း သောက်ရပါတယ်။

အဲလိုနဲ့ နှစ်လတစ်ခါ သုံးလတစ်ခေါက်လောက် ဆေးသောက်လာလိုက်ရတာ ကျွန်မ ၈တန်းအထိပါပဲ။ ၇တန်းအထိ အမေနဲ့နေလို့ အပြုအစုခံလာရတာကနေ ၈တန်းလည်းရောက်၊ အမေလည်း နယ်မှာအလုပ်ရတော့ ကျွန်မတို့တစ်တွေ အဖေနဲ့ နေဖို့ ဖြစ်လာတော့တာပဲ။ အဖေက ဟင်းဖွယ်ဖွယ်ရာရာလည်း မချက်ကျွေးပါဘူး။ သူ့ရဲ့ စပါရှယ်လက်ရာကတော့ ကြက်ရိုးစွပ်ပြုပ်၊ ဝက်သားဆီပြန်၊ အာလူးကြော်နဲ့ပဲဟင်း၊ လက်ဖက်သုပ်၊ ဂျင်းသုပ်.. စတာတွေ ဖြစ်ပါတယ်။ ပြီးတော့ သူက အမေလို ယုယုယယလည်း မရှိပါဘူး။ အဲလိုနဲ့ ပြုစုမဲ့သူမရှိလို့ပဲလား ဘာလား ကျွန်မတို့လည်း လုံးဝ မဖျားတော့ပါဘူး😂😂။ အဖေနဲ့နေခဲ့ရသမျှမှာ ဝက်သက်ပေါက်တာနဲ့ ရေကျောက်ပေါက်ခဲ့တာကလွဲရင် ဒေါင်ဒေါင်မြည်ပါပဲ။ (ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩတယ်)

အခုတော့ အမေနဲ့ ပြန်နေရတာမို့လားမသိ.. နည်းနည်း ပြန်ပြီး နေမကောင်း ဖြစ်ချင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးလို့၊ ဖျားပြီးလို့ တစ်ပတ်ကြာခါရှိသေး.. အခု နှာစေးနေပြန်ပါပြီ။ အရင်တုန်းကဆိုရင်တော့ နေမကောင်းဖြစ်ရင် အမေချက်ကျွေးတာလေးစားလိုက်၊ ဟိုဘက်လှိမ့် ဒီဘက်လှိမ့်လိုက်၊ အိပ်လိုက်နဲ့ သာသာယာယာကလေးပါ။ အခုတော့ အသက်ကြီးလာပြီဖြစ်လို့ နေမကောင်းဖြစ်ရင်းတန်းလန်းနဲ့လည်း စာသင်၊ စာရေး လုပ်နေရဦးမှာမို့ နေမကောင်းဖြစ်တာ ဇိမ်ကျတယ် မထင်တော့ပါဘူး😭 အစားအသောက်ကလေး ဂရုစိုက်ပြီး နေကောင်းအောင် နေရပြန်ပါဦးမယ်။ အဲဒါမှ မျောက်လောင်းကလေးတွေကို ကောင်းကောင်း စာသင်နိုင်မယ် မဟုတ်ပါလား.. (ခါတိုင်းဆို ပြောစကားနားမထောင်တဲ့ မျောက်ကလေးတွေဟာ ဆရာမ နေမကောင်းဘူးဆိုရင် လိမ်လိမ်မာမာနဲ့ စာရေးနေတတ်ကြတဲ့အတွက် တော်ပါသေးရဲ့)

ရှင်တို့ရော နေမကောင်းဖြစ်တဲ့အခါ ဘယ်သူက ဘေးနားမှာ အမြဲရှိပေးနေလဲ? ဘယ်သူ့ကို သတိအရဆုံးလဲ?

စကားမစပ် - အခုဆို ကျွန်မ blogကို subscribeလုပ်ထားနိုင်ပါပြီ။ emailလေးရိုက်ထည့်ထားရုံနဲ့ တင်သမျှကို ပို့ပေးသွားမှာ ဖြစ်ပါတယ်☝🏼☝🏼


Comments

  1. Yeah..I also hate antibiotics. It is better to boost the immune system rather than taking those strong meds. When we were kids, being sick used to be a luxurious break. But now it becomes a liability as we have more and more responsibilities. Please stay strong, Cat. Exercise, eat healthy etc. Healthy body, healthy mind, healthy cat!

    ReplyDelete

Post a Comment