Featured post
- Get link
- X
- Other Apps
ကျွန်မတို့က နိုင်ငံခြားနာမည်တွေကို မြန်မာမှုပြုတာမှာ အတော်လက်စွမ်းထက်ပါတယ်။ အဆိုတော် Taylor swiftကို တင်လှဆွေ၊ Camilla (Cabello)ကိုတော့ ခင်မာလာ၊ Covid-19ကို ကိုမြင့်နိုင်ကြီး၊ Omicronကျတော့ ဥမ္မာခင်တဲ့။
တခြားသူတွေကတော့ ဘာမှမလုပ်ပေမဲ့ ကိုမြင့်နိုင်ကြီးနဲ့ ဥမ္မာခင်ကတော့ တော်တော် ဂြိုဟ်မွှေပါတယ်။ မြန်မာနိုင်ငံမှာ ပိုးတွေ့လို့ဆိုပြီး ကျောင်းပိတ်လိုက်တာက ကျွန်မတို့ ပထမနှစ်ဝက်ဖြေနေတုန်းမှာပါ(အဲဒါတောင် ၄ဘာသာဖြေပြီးမှ) အဲဒါကြောင့် တက္ကသိုလ် ကျောင်းသားတွေဟာ "ဆင်ပြောင်ကြီး အမြီးကျမှတစ်" ဆိုသလို ဖြစ်နေပါတော့တယ်။ ကျွန်မက စတုတ္ထနှစ်မှာ ရပ်နေပြီး ညီမတော်ကတော့ တတိယနှစ်မှာ ရပ်နေတာ ၃နှစ်တောင် ရှိပါပြီ။ ကိုဗစ်ဖြစ်ပြီး တစ်နှစ်အကြာ ကျွန်မတို့တက္ကသိုလ်တွေ online classesအဖြစ် ပြောင်းမယ်ဆိုတဲ့အချိန်မှာ အာဏာက ထသိမ်းတာပါပဲ။ ဆရာတွေလည်း စစ်အစိုးရလက်အောက်တော့ မလုပ်နိုင်ဘူးဆိုပြီး အလုပ်မသွားကြ၊ ဟိုက လိုက်ဖမ်းလို့ ရှောင်နေရနဲ့ ကျွန်မတို့တစ်တွေဟာ လှိုင်းပုတ်လို့ ကမ်းခြေပေါ်ရောက်သွားတဲ့ ငါးတွေလို ယက်ကန်ယက်ကန်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေပါတော့တယ်။ ခက်တာက အာဏာသိမ်းပေမဲ့ ရောဂါကတော့ ရပ်မသွားပါဘူး။ ဆက်ဖြစ်နေတာပါပဲ။
အရင်အစိုးရလက်ထက်တော့ တစ်ရက်ကို သေဆုံးသူ အများဆုံး ရာဂဏန်းလောက်ပဲရှိပေမဲ့ အာဏာသိမ်းပြီးနောက် ဆေးရုံတွေမှာ ဆရာဝန်တွေ မရှိတော့တာကြောင့်ရော၊ အစိုးရရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ (ရောဂါသည်းနေတုန်း ကျောင်းတွေ၊ ဘုရားတွေ ဖွင့်ပစ်တာ)ကြောင့်ရော တစ်ရက် တစ်ရက်ကို ကူးစက်မှုနှုန်းက အရမ်းများလာပြီး သေဆုံးသူ ထောင်ကျော်လာလို့ သင်္ဂြိုလ်စက်တွေတောင် မီးလောင်ပေါက်ကွဲရတဲ့အထိပါပဲ။ အဲဒါ မိုးတွင်းကြီးမှာပါ။ ရောဂါ အကြီးအကျယ်ဖြစ်တာ တတိယအခါဆိုတော့ ကျွန်မတို့က ကိုဗစ်တတိယလှိုင်းလို့ ခေါ်ပါတယ်။
ကျွန်မသူငယ်ချင်း အတော်များများ ဒီအချိန်မှာ ဖျားကြပါတယ်။ ကျွန်မတို့အိမ်ကတော့ ဆန်၊ ဆီ နဲ့ မြေပဲ၊ ခေါက်ဆွဲ စတဲ့ ကုန်ခြောက်တွေကို ကြိုဝယ်ထား၊ ဈေးက ငါးဆိုင်ကို မိတ်ဆွေဖွဲ့ထားပြီး ဖုန်းနံပါတ်ပေးထား၊ ပြီးတော့ မှာစားပါတယ်။ အဲဒီတော့ ဘာပဲပြောပြော အပြင်ထွက်စရာ မလိုတော့ဘူးပေါ့။ အဲလိုဆိုပြီး ဝမ်းသာနေတုန်း… အိမ်ကို အမျိုးဧည့်သည်တစ်ယောက် ရောက်လာရော။ ပြီးတော့ ဖျားရော။ အဲဒီတော့ ကျွန်မတို့က သူ့ကို အခန်းထဲထည့်ပြီး သီးခြားခွဲနေခိုင်းရတော့တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီအချိန်ဖျားပြီဆို ကိုဗစ်လို့ သတ်မှတ်ရတော့မှာပဲကို။ အဲဒါကို သူက မကြိုက်ချင်ဘူး။ သူ့ကို ခွဲခြားတယ်၊ စာနာစိတ်မရှိဘူး၊ မပြုစုချင်ဘူးလို့ထင်၊ ကျွန်မတို့ကျွေးတာလည်း ကျေကျေနပ်နပ်မစားချင်ဘူး(အစာအဆိပ်သင့်မှာ ကြောက်သတဲ့)။ အဲဒါနဲ့ အိမ်ကလူတွေက တစ်ခါ စိတ်ဆိုးကြပြန်ရော။ အဲလိုနဲ့ အဖျားပျောက်အောင်တောင် မစောင့်ဘဲ သူ့အထုပ်သူသယ်လို့ ဒေါကြီးမောကြီးနဲ့ အိမ်ပြန်သွားလေရဲ့။
ပြဿနာက အဲဒီမှာ မရပ်သေးပါဘူး။ သူပြန်လို့ သိပ်မကြာခင် အဘောင်မနဲ့ ကျွန်မ ဖျားပါတော့တယ်။ ငွေကြေးပြည့်စုံခြင်း၊ မပြည့်စုံခြင်းက ကျန်းမာရေးကိစ္စနဲ့ပတ်သက်လာရင် အင်မတန် စကားပြောပါတယ်။ အိမ်ကြီးကြီး၊ အခန်းများများ ရှိတဲ့အိမ်တွေမှာ တစ်ယောက်တည်း သီးသန့်ခွဲနေဖို့ အဆင်ပြေကြပေမဲ့ အိမ်သေးသေးတွေမှာ မိသားစုများများနေကြရသူတွေမှာတော့ တစ်အိမ်လုံးရောဂါဖြစ်ပြီးမှပဲ စိတ်အေးနိုင်ကြပါတော့တယ်။ ကျွန်မတို့ မိသားစုကတော့ ဒုတိယအမျိုးအစားထဲကပါ။ အိပ်ခန်း၂ခန်းပါတဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ လူငါးယောက် နေကြရပါတယ်။ အရင်တုန်းက အိပ်ခန်း၂ခန်းက တံခါးပိတ်လို့ မရပါဘူး (တံခါးပျက်နေတယ်ပေါ့)။ ဖီးဖီးတစ်ယောက် အသည်းအသန် နေမကောင်းဖြစ်ပြီးတဲ့အခါ (တကယ်လို့) နာရေးဖြစ်လို့ လူတွေလာမဲ့အခါ ကြည့်ပျော်ရှုပျော်ကလေးရှိအောင်ဆိုပြီး အိမ်ပြင်ကြပါတယ်။ ပြင်တဲ့အခါ ဧည့်ခန်းနဲ့နီးတဲ့ အိပ်ခန်းကို ဖွင့်ချလိုက်ပြီး နှစ်ခုကို လိုက်ကာလေးနဲ့ပဲ ကာထားလိုက်ပါတော့တယ်။ (ဆိုလိုချင်တာက တံခါးဖွင့်ပိတ်လုပ်လို့ရတဲ့အခန်းက တစ်ခန်းပဲရှိတော့တယ်ပေါ့) အဲဒီတော့ လူ၂ယောက်ဖျားတဲ့အခါ တစ်ယောက်ကိုပဲ အခန်းထဲထည့်ထားလို့ ရပါတော့တယ် (ခြင်္သေ့၂ကောင် တစ်ဂူထဲ မအောင်းဘူးတဲ့လေ🤣)။ ပိုအရေးကြီးတဲ့ ဘောင်ဘောင်ကတော့ အခန်းထဲသွားပြီး ကျွန်မကတော့ တစ်ချိန်လုံး maskတပ်ထားရပါတယ်။
အဲလိုနဲ့ ၂ယောက်စလုံး နေပြန်ကောင်းလာလို့ ဇာတ်လမ်းဆုံးသွားပြီလား ဆိုတော့.... မဆုံးသေးပါဘူး။ ဘောင်ဘောင်နေပြန်ကောင်းခါစမှာ ဖီးဖီးက နေမကောင်းဖြစ်ပါတော့တယ်။ သူ့ချစ်သမီးတစ်ယောက် နေမကောင်းလို့ အခန်းထဲဝင်နေရတယ်ဆိုပြီး စိတ်မကောင်းဖြစ်တာက တစ်မျိုး၊ အစာကောင်းကောင်း မစားတာက တစ်မျိုး (ဖီးဖီးက ကျွန်မတို့လို ထမင်းမစားပါဘူး။ ခေါက်ဆွဲ ကြာဆံကိုပဲ ပြုတ်လို့တစ်မျိုး၊ သုပ်လို့တစ်မျိုး လုပ်ပေးရပါတယ်။ ခါတိုင်း ပြင်ဆင်ပေးတဲ့သူက ဘောင်ဘောင်နဲ့ ကျွန်မပါ။ အမေ့ကို ဘာလို့လဲမသိ လုံးဝ မကြည်ဖြူသလို အမေလုပ်ပေးတာဆို တစ်ခုမှ မစားပါဘူး။ ခါတိုင်း ပြင်ဆင်ပေးတဲ့သူ ၂ယောက်စလုံး နေမကောင်းကြတော့ သူလည်း အစာကောင်းကောင်း မဝင်တော့ဘူးပေါ့)ကြောင့် နေမကောင်းဖြစ်ပါတော့တယ်။ ကံကောင်းချင်တော့ ဆေးရုံက လမ်းလျှောက်ရုံနဲ့ ရောက်နိုင်လောက်အောင် အနီးကလေးမှာပါ။ ဆရာဝန်သွားပင့်ရသူကတော့ အမေဖြစ်ပါတယ်။ ကံမကောင်းချင်တော့ အဲဒီ့ကာလက ကိုဗစ်ရောဂါဖြစ်ပွားနှုန်း အလွန်မြင့်နေတဲ့ကာလဖြစ်ပါတယ်။ ဖီးဖီးတစ်ယောက် အစာမဝင်ရင် (တမလွန်ကို)သွားတော့မယ်လို့ ဆရာဝန်တွေကပြောလာတဲ့အခါ ဖီးဖီးရဲ့ ကျန်တဲ့သားသမီးတွေဆီကို ဖုန်းဆက်အကြောင်းကြားကြပါတော့တယ်။ အဲ.. ရယ်ရမလား ငိုရမလားတော့ မသိ.. ကျွန်မက အစာမဝင်ဝင်အောင် နည်းလမ်းမျိုးစုံသုံးလို့ ဖီးဖီးတစ်ယောက် နေပြန်ကောင်းလာတဲ့အခါ စောစောက ဖုန်းဆက်တဲ့ သူ့သားနဲ့ သမီးတို့က ကိုဗစ်နဲ့ ဆုံးသွားကြပါတော့တယ်😶။ (သူတို့ဆုံးတဲ့အခါ သင်္ဂြိုလ်စက်အထိလည်း လိုက်ပို့လို့မရဘဲ အလောင်း၂လောင်း၃လောင်းပါတဲ့ လူနာတင်ယာဉ်မှာပဲ ထည့်ပေးလိုက်ရတယ်လို့ သိရပါတယ်)
ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ့်အိမ်ကလေး အန္တရာယ်ကင်းပြီးလို့ ထင်ပြီး သိပ်မကြာခင်မှာပဲ ကျွန်မအမေက ကိုဗစ်ဖြစ်ပါတော့တယ်. . . တန် တန်။ ကိုဗစ်နဲ့ သာမန်တုပ်ကွေးနဲ့ကို ခွဲခြားဖို့ အလွယ်ဆုံးနည်းလမ်းကတော့ အနံ့ပျောက် မပျောက် စမ်းကြတာပါပဲ။ ကျွန်မဖျားတော့ အမေ့ကို အနံ့မရဘူးနော်လို့ ပြောတာ အမေက မယုံပါဘူး။ (ကြောက်လို့ တမင် မယုံချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်ပါတယ်) အခု သူကိုယ်တိုင် ခံစားရတော့မှ "ငါတော့ ကိုဗစ်ဖြစ်ပြီ၊ အနံ့မရတော့ဘူးဟဲ့"ဆိုပြီး ပြောပါတော့တယ်။
ကိုဗစ်ပထမလှိုင်းက ပြည်ပကပြန်လာတဲ့ သင်းအုပ်ဆရာနဲ့ စုဝေးဆုတောင်းပွဲတစ်ခုကနေ စတင်ပါတယ်။ အဲဒီတုန်းက အစားအစာတွေ ပြတ်လို့ ဈေးတွေလည်း ထိုးတက်ကုန်ပါတယ်။ ရခိုင်ပြည်နယ်က လာတဲ့ လေကြောင်းခရီးသည်တွေကနေ ပွားလာတဲ့ ဒုတိယလှိုင်းမှာတော့ (အတွေ့အကြုံရှိနေပြီးမို့ပဲလား) ငြိမ်ငြိမ်သက်သက်လေးပဲ (ပထမလှိုင်းနဲ့စာရင် ကူးစက်ခံရသူဦးရေ ၁၀၀ရာခိုင်နှုန်းလောက် မြင့်တက်သွားပေမဲ့ တတိယလှိုင်းနဲ့ယှဉ်ရင်တော့ အပျော့ကလေးပါပေါ့) ပြီးသွားပါတယ်။ စကစအုပ်ချုပ်မှုအောက်က တတိယလှိုင်းမှာတော့ ဆေးဝါးလိုအပ်ချက်၊ အောက်စီဂျင်လိုအပ်ချက်တွေ မိုးလောက် ထောင်တက်သွားပါတယ်။ ခါတိုင်း ၄၀၀ကျော်ပဲကျသင့်တဲ့ ပါရာစီတမော တစ်ကတ်ကို ၁၀၀၀ကျော်အထိ ဖြစ်သွားပါတယ်။ အရင်လှိုင်းတွေက ကူးစက်ခံရတယ်လို့ စစ်ဆေးမိသူနဲ့ လက်လှမ်းမီတဲ့ သံသယရှိသူတွေကို အစိုးရနဲ့ အလှူရှင်တွေ ပံ့ပိုးထားတဲ့ Quarantine Centreတွေမှာ ထားပါတယ်။ အာဏာသိမ်းတော့ အဲဒါတွေအကုန် ပြုတ်ပြုတ်ပြုန်းတော့တာပါပဲ။ အဲဒါကြောင့် ကုသမှုမရရှိတဲ့ဦးရေ ပိုများလာလို့ အောက်စီဂျင်လိုအပ်တဲ့ဦးရေလည်း များလာပါတယ်။ ဆေးရုံဆေးခန်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေဆီက ငှားရတာနဲ့တင် မလောက်လို့ ပြည့်စုံသူတွေဆို ကိုယ်ပိုင်အောက်စီဂျင်အိုးတွေ ဝယ်ဆောင်ထားကြသလို ဈေးကစားမဲ့ စီးပွားရေးသမားတွေကလည်း အိုးဟူသမျှ အောက်စီဂျင်အိုးအဖြစ် လှောင်ကြပါတော့တယ်။ (အောက်စီဂျင်မဟုတ်တဲ့ Argonဂါတ်ငွေ့အိုးတို့ Heliumအိုးတို့က လေကို အောက်စီဂျင်အမှတ်နဲ့ ရှူရင်း အသက်ဆုံးသူတွေကလည်း အများအပြားပါ) တော်ပါသေးရဲ့ ကျွန်မတို့အိမ်တော့ သေသူမရှိဘဲ ကျော်ဖြတ်လိုက်နိုင်ပါတယ်။
အခုအလှည့်ကျတာကတော့ ကိုမြင့်နိုင်ကြီးရဲ့ သမီးတော်သူ ဥမ္မာခင်အလှည့်ပဲ ဖြစ်ပါတယ်။ဒီနှစ် ဖေဖော်ဝါရီလအစလောက်ကနေစလို့ အရင်လှိုင်းတွေတုန်းက မစီးလိုက်ရတဲ့သူတွေ ဒီလှိုင်းမှာ ပျော်ပျော်ကြီးစီးရပါတော့တယ်။ ဒီစာရေးတဲ့ မနေ့ကစလို့ ကျွန်မလည်း လည်ပင်းတွေနာ၊ ခြေဖျားလက်ဖျားအေးတာနဲ့ အဖျားတိုင်းကြည့်တော့ ရှိနေတဲ့အတွက် အခန်းထဲအောင်းနေရပါတော့တယ်။ အိုး… ဥမ္မာခင်တစ်ယောက်တော့ ကျွန်မကို ပူးကပ်ပြီထင်ပါရဲ့နော်...😷😷
ကိုဗစ်အတွေ့အကြုံတွေရှိရင် ပြောပြသွားကြပါဦး။
Comments
Post a Comment