Featured post

ကလေးများနှင့် ကျွန်မ

 ကျွန်မမှာ အလုပ်တစ်ခု ရှိပါတယ်။ မူလတန်းကလေးတွေကို အစိုးရသင်ရိုးနဲ့ စာသင်ပေးရတဲ့အလုပ်ပါ။ အမှန်အတိုင်း ပြောရရင် ကျွန်မက ကလေးတွေကို မကြိုက်ပါဘူး။ သူတို့က အရမ်းတက်ကြွတယ်၊ တစ်နေ့လုံး မနားတမ်း ဆော့နိုင်ကြတယ် (ကျွန်မ ငယ်ငယ်တုန်းကလည်း လူကြီးတွေလိုက်မမီအောင် အပြတ်ကဲခဲ့ပေမဲ့ အခုတော့ ဝဋ်လည်တယ်ပဲ ပြောရမလား သူတို့လှုပ်သလောက် လိုက်မလှုပ်နိုင်တော့ပါဘူး) ပြောစကားဆို နားမထောင်ဘူး၊ သူတို့လုပ်ချင်တာပဲ သိတယ်၊ တစ်ခုခုဖြစ်ပြီဆို ကိုယ်ကပဲ လိုက်သိမ်းရ၊ လိုက်ရှင်းရပါတယ်။ အဲဒါကြောင့် ကလေးတွေဆို အသံကြားတာနဲ့ ဝေးဝေးကို ပြေးပါတယ်။ 

ဒါပေမဲ့ ကံကြမ္မာဇာတ်ဆရာကြီးက ကျွန်မလိုချင်တာနဲ့ ဆန့်ကျင်ဘက်ပဲ လုပ်ပေးပါတယ်။ ဝမ်းကွဲအစ်မမှာ ကလေးလေးတစ်ယောက်မွေးတော့. . . ကျွန်မတို့မှာ တူမတစ်ယောက်ရလာတာပေါ့😂။ အဲဒီ့တူမက မွေးခါစ ပေါက်စတုန်းက ကျွန်မအနားကို လုံးဝမကပ်ပါဘူး။ နောက် ၄နှစ် ၅နှစ် စကားပြောတတ် ဟိုမေးတတ် ဒီဆော့တတ်လုပ်တဲ့အချိန်မှ ကျွန်မမှ ကျွန်မ တမ်းတမ်းစွဲဖြစ်နေပါတော့တယ်😓။ အဲဒါနဲ့ သူလေ့ကျင့်ခန်းလုပ်ရင် လိုက်လုပ်ရ၊ သူဆော့ရင် လိုက်ဆော့ရနဲ့ ထိန်းနေရပါတော့တယ်။ 

နောက် ကိုဗစ်ဖြစ်လို့ ကျောင်းတွေပိတ်တဲ့အချိန်မှာ အလကားထိုင်နေလို့တော့ မဖြစ်ဘူးဆိုပြီး အလုပ်တွေတစ်ပုံကြီး လိုက်လျှောက်ပါတယ်။ ရုံးခန်းအလုပ်တို့ လူကြီးတွေကို မြန်မာစာသင်တဲ့အလုပ်တို့ကျတော့ မရဘဲ ကလေးစာသင်တဲ့အလုပ်ကျမှ ရပါလေရော။ အဲဒီ့ကလေးလေးကို တစ်နှစ်လောက်သင်ပြီးတော့ သူ့အမေက သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတဲ့အခါ နောက်ထပ်ကျောင်းသူ၂ယောက်ကို သင်ရပါတော့တယ်။ အဲလိုနဲ့ သင်နေတုန်း ပထမကလေးရဲ့ ညီမကလေးက သူ့အစ်မ နားချိန်ပေးတိုင်း "သမီးကိုလည်း စာသင်ပေးပါ တီချယ်"ဆိုပြီး လာပြောလို့ ကလေးတွေ မူကြိုမှာသင်ရတဲ့ အရောင်တွေ ဘာညာကို သင်ရပါတော့တယ်။ (သူက ၃နှစ်ပါ) အဲဒါကြောင့် သူ့အစ်မကို စာသင်ဖို့ ပြင်ဆင်တဲ့အခါ ပိစိမကလေးအတွက်ပါ ထည့်ပြီး အစီအစဉ်ဆွဲရပါတယ်။

အဲလိုနဲ့... ၅လလောက်ကြာတဲ့အခါ သူ့အမေဖြစ်သူက တရားဝင် စာသင်ချိန်အတိအကျနဲ့ သင်ပေးပါလို့ ပြောလာပါတော့တယ်။ ကျွန်မလည်း ဘာလို့မှန်းမသိပေမဲ့ ခေါင်းညိတ်လိုက်ပြီး အခုတော့ သင်နေရပါတော့တယ်။ ဒီကြားထဲမှာ မူကြိုကလေးနောက်တစ်ယောက်ကိုလည်း ကကြီး ခခွေးသင်လိုက်ရပါသေးတယ်။ သူ့ကိုတော့ အိမ်ကိုသွားသင်ရတာမို့ အပြန် ကားစောင့်နေတုန်းမှာ သူတို့အိမ်နားကအန်တီတစ်ယောက် လမ်းလျှောက်လာပြီး သူ့ကလေးတွေလည်း သင်ပေးမလားလို့ မေးလာပြန်ပါတယ်။ အမလေး…🤦🏼‍♀️ 

ကလေးတွေသင်ရတော့ ဘာဖြစ်လဲလို့ မေးစရာရှိပါတယ်။ ကလေးတွေက လူကြီးကိုသင်ရတာထက် အဆပေါင်းများစွာ ခက်ပါတယ်။ သူတို့ကို ကိုယ်လုပ်စေချင်တာလုပ်ဖို့ နည်းလမ်းမျိုးစုံသုံးပြီး ဆွဲဆောင်ရတယ်။ ကလေးမေးနိုင်မဲ့မေးခွန်းတွေကို ကြိုတင်ရှာထားရတယ်။ သူတို့ပြောတာတွေကို ပြုံးပြုံးလေးနဲ့ နားထောင်တတ်ဖို့လည်း လေ့ကျင့်ထားရပါသေးတယ်။ တစ်ခါက ကျွန်မက ဆံထုံးကလေးထုံးလို့ နှုတ်ခမ်းနီလေးဆိုးပြီး onlineက စာသင်တဲ့အခါ သူက ပါးစပ်အဟောင်းသားလေးနဲ့ ကျွန်မကို ကြည့်နေပါတယ်။ ဘာဖြစ်လို့လဲ မေးတော့ "တီချယ်က အရမ်းလှတာပဲ" ဆိုသတဲ့။ သူ့စကားကိုကြားပြီး အရမ်းပျော်နေတုန်း (ကျွန်မကို ဘယ်သူကမှ လှတယ်လို့ မပြောဖူးဘူးလေ) သူက ဆက်ပြောပါတယ်။ "တီချယ်က သမီးအိမ်ကို စာလာသင်တုန်းကတော့ အရမ်းရုပ်ဆိုးတာပဲ"တဲ့။ ဟိုက်! စောစောက အပျော်ကလေးတွေတောင် ဘယ်ထွက်ပြေးသွားလဲ မသိ.. အဲလို အဲလိုတွေ ကြုံတွေ့ရပါတယ်။ 

အမလေး… ကလေးဆိုတာ သေးသေးကလေးနဲ့ အင်မတန် အားကုန်တာပဲနော်


Comments