Featured post
- Get link
- X
- Other Apps
အုံးဆိုတာကတော့ ဗုံးပေါက်သံ၊ ဒိုင်း ဆိုတာကတော့ သေနတ်သံလို့ပဲ ဆိုလိုက်ကြပါစို့။
ကျွန်မတို့နားမှာ ညဘက်တွေဆို အုံး အုံး အသံသဲ့သဲ့ကြားရပါတယ်။ အသံကြားတာနဲ့ ကျွန်မက လုပ်လက်စအလုပ်တွေရပ်လို့ ငြိမ်နေလိုက်တယ်၊ ပြီးတော့ ပေါက်သံ ဘယ်နှစ်ချက်ကြားရတယ်ဆိုတာ တန်းပြီး သတင်းပို့ပါတော့တယ်။ အမေကတော့ ကြားလိုက်လားဆိုပြီး တစ်အိမ်လုံးကို လိုက်မေးပါတယ်။ အဘွားကတော့ next levelရောက်သွားပြီး ဘေးအိမ်တွေပါ တံခါးလိုက်ခေါက်၊ သိသမျှလူကို ဖုန်းဆက်လို့ ဘယ်နားက ပေါက်တာလဲနဲ့ လိုက်မေးနေပါတော့တယ်။ ကျွန်မတို့ကတော့ "အဲလို မမေးရဘူးလေ"ဆိုပြီး ကလေးကို ဆူသလို ဆူပါတယ်။ တကယ်လို့ ကိုယ့်ဘက်ကသူ ဖောက်တာဖြစ်နေရင်၊ စမ်းသပ်တာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ? သိပ်ဂရုမစိုက်တာကတော့ ညီမတော်၊ ဘာဖြစ်မှန်းကို မသိတာကတော့ ဖီးဖီးပါ (သူက နားလေးတယ်လေ)။
ဒီနေ့ ကျွန်မအမေ အပြင်သွားတော့ လမ်းမှာ ဗုံးပေါက်တာနဲ့ တိုးပါတယ်။ ရုတ်ချည်းဆိုသလို စစ်ကားတွေ ရဲကားတွေ တန်းရောက်လာပြီး ကားတွေတား၊ လူတွေစစ်၊ ဖုန်းတွေ စစ်တော့တာပါပဲ (ငွေလည်း ညှစ်လိုက်သေး) အမေကတော့ ကံကောင်းလို့ အစစ်မခံရဘူးတဲ့။ ကျွန်မတို့သာ အစစ်ခံရရင် တစ်ခါတည်း အချုပ်ထဲ ရောက်မှာပဲ။ အဲဒီတော့ အပြင်သွားခါနီးဆို ယုတ္တိရှိဖို့ social media accountတစ်ခု အသစ်လုပ်ပြီး ဟိုဟာရေး ဒီဟာရေး၊ ဟိုလူနဲ့ စကားပြော ဒီလူနဲ့ စကားပြော လုပ်ထားရပါတယ် (facebook ဖျက်ထားတယ်ဆိုရင် ရစ်ပြီး ပြန်ဝင်စမ်း ဘာညာ ခိုင်းတယ် ကြားလို့လေ) ။ အခုတော့ vpnသုံးခွင့် ပိတ်လိုက်ပြီဆိုတော့.. ဖျက်ထားလိုက်လည်း ကိစ္စမရှိတော့ပါဘူး။
အရင်နှစ် သံဗုံးသံတွေ ဆူညံတုန်းက ည၈နာရီဆို double capနဲ့ စစ်သားတွေ ရောက်လာပြီး သေနတ်ဖောက် အသံဗုံးဖောက်တာတွေ လုပ်ကြပါတယ်။ အဲဒီတော့ ကျွန်မတို့လည်း မီးတွေပိတ်၊ လိုက်ကာတွေချပြီး အိပ်ဟန်ဆောင်ရတာပေါ့။ အရေးထဲ ဖီးဖီးက သူ့TVကို ဘာလို့ ပိတ်သလဲ ငါကြည့်မယ်ဆိုပြီး ပူဆာတာကို ချော့ရပါသေးတယ်။ အသံကလည်း မထွက်ရ (အသံထွက်ရင် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လေ) အဘွားကြီးကလည်း နားမကြား ဆိုတော့ကာ… စာရွက်ပေါ်မှာ စာလုံးခပ်ကြီးကြီးနဲ့ရေးပြ၊ ဒါမှမဟုတ် အလျင်လိုရင် သေနတ်ပုံကို လက်နဲ့ လုပ်ပြ အမျိုးစုံ လုပ်ရပါတယ်။ ဪ... အဘွားကြီးဆိုတာလည်း ကလေးထက်ဆိုးပါတယ်။ ကလေးကမှ တိတ်စမ်းဆိုပြီး အော်လိုက်လို့ ရသေး၊ အဘွားကြီးက နားသာ မကြားတာ သူ့ကို အော်နေမှန်းတော့ သိပြီး စိတ်ကောက်လိုက် အော်ဆဲလိုက် လုပ်တတ်လို့ ကြောက်နေရပါသေးတယ်။
ကျွန်မတို့ အိမ်နားက နယ်ကို ပြန်သွားတဲ့ မိသားစုတော့ စစ်ဘေးရှောင်နေရပါတယ်။ တစ်ခါတလေ ဖုန်းပြောဖြစ်တဲ့အခါ ကျွန်မအမေကို တစ်ကိုယ်စာ အိတ်ကလေးတွေ ထုပ်ထားဖို့၊ စားနပ်ရိက္ခာ စုထားဖို့၊ ငွေဈေး ရွှေဈေး စောင့်ကြည့်ဖို့ အမြဲသတိပေးပါတယ်။ သူတို့ နယ်ပြန်နေတဲ့အခါ တိုက်ပွဲက တောထဲမှာပဲ ဖြစ်တာပါလေ ဆိုပြီး မစီစဉ်ထားမိတော့ ရုတ်တရက်ဆို လက်ဗလာနဲ့ ထပြေးလာခဲ့ရသတဲ့။ သူတို့အိမ်မှာ ကျန်ခဲ့တဲ့ ဆန်တစ်အိတ်ကိုတော့ အမျှ အမျှ အမျှဆိုပြီး ရေစက်ချလိုက်ရတာပေါ့။ (တကယ်လို့ ကိုယ့်ဘက်ကလူတွေ ယူစားရင်တော်သေး။ ဟိုလူတွေ မီးရှို့ပစ်ရင်တော့ သွားပြီ) ကျွန်မအမေလည်း ငါးခြောက်တွေဝယ်၊ ငါးတွေဝယ် ကင်ထား၊ မုန်လာဥတွေဝယ် အခြောက်လှန်း၊ အဲ.. နောက်တော့ ကြာရင် မကောင်းဖြစ်သွားလိမ့်မယ်ဆိုပြီး ထုတ်စား.. အဲလိုနဲ့ သံသရာလည်နေပါတယ်။ (တစ်ခါက ဝက်သားခြောက်လုပ်မယ်ဆိုပြီး နေလှန်း၊ နောက်နေ့တွေ နေဆက်မပူတော့ ပုပ်သလိုလို ဖြစ်သွားတာ သတိရပါသေးတယ်။ ပြန်တွေးကြည့်တော့မှ "ငါအတော်တုံးတာပဲ"ပေါ့လေ.. ဘာလို့လဲဆို အိမ်မှာ ovenတစ်လုံးလုံး ရှိရဲ့နဲ့ ဘာဖြစ်လို့ ထည့်မဖုတ်လိုက်တာလဲပေါ့။ ကျွန်မတို့က ထွက်ပြေးရရင် နေလှန်းစာတွေပဲ စားရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေကြဟန်တူပါတယ်)
အခုဆို ရုရှားက ယူကရိန်းကို ကျူးကျော်လိုက်ပြီလို့လည်း သိရပါတယ်.. ကျွန်မရဲ့ အမေနဲ့ အဘွားလည်း ရန်ဖြစ်နေကြပါတယ်ဆိုတော့.. အုံး အုံး ဒိုင်း ဒိုင်းက နေရာတကာပါပဲ။
တာ့တာ
- Get link
- X
- Other Apps
Comments
သနားပါတယ်။ မြန်မာတစ်နိုင်ငံလုံး မြန်မြန်အေးချမ်ဖြစ်ပါစေ။
ReplyDeleteအကြောင်းအရာက ဝမ်းနည်းပေမယ့် Cat ရဲ့အရေးကတော့ အရမ်း skilled ဖြစ်တယ်၊ အရမ်းတော်တယ်။ Cat က စာအုပ်တစ်အုပ် ရေးထားပါလား။ လူကြိုက်များတဲ့ စာအုပ်ဖြစ်လိမ့်မယ်ထင်တယ်။ စာအုပ်ပဲဖြစ်ဖြစ် blog ပဲဖြစ်ဖြစ် အမြဲဆက်ရေးပါ။ never stop writing!
ဟုတ်ကဲ့။ အခုblogကိုလည်း ဒီထက်များများ လူပိုဖတ်ကြဖို့ မျှော်လင့်နေပါတယ်
Delete