Featured post
- Get link
- X
- Other Apps
*ယခုအကြောင်းအရာသည် အနည်းငယ် ရွံစရာကောင်းသောကြောင့် အစာမစားခင်၊ စားနေစဉ်နှင့် စားပြီးစအချိန်များတွင် မဖတ်ရန် အကြံပြုပါသည်*
အိမ်တိုင်းတွင် နောက်ဖေးရှိပါသည်။ ထိုအိမ်များသည် အစီအစဉ်ချ၍ ဆောက်ထားသော ပုံစံတူအိမ်များဖြစ်လျှင် နောက်ဖေးများ စုပေါင်းလိုက်သော် လူတစ်ကိုယ်စာ လမ်းလျှောက်နိုင်သည့် လမ်းကြားကလေး ဖြစ်လာပါသည်။ ထိုလမ်းကြားကလေးသည် သေးငယ်၍ မကြီးကျယ်သော်ငြား ၎င်းပတ်ဝန်းကျင်ရှိသူများအကြောင်းကိုမူ ကောင်းကောင်းကြီး ပြောပြနိုင်ပါသည်။
ကျွန်မသည် နောက်ဖေးလမ်းကြားများနှင့် ရင်းနှီးကျွမ်းဝင်ပါသည်။ ဖြောင့်တန်းပြီး လမ်းခရီးအချိန်သက်သာစေသော ထိုလမ်းကြားကလေးများသည် ခပ်သုတ်သုတ်သွားတတ်သော ကျွန်မလို လူစားမျိုးနှင့် အလွန်ကိုက်ညီပါသည်။ သို့သော် ကျွန်မသည် ထိုလမ်းကြားများသို့ မလွှဲမရှောင်နိုင်သော အခါများမှသာ ဖြတ်သန်းပါသည်။ မဖြစ်မနေသွားရသည့်အခါများတွင်လည်း နှာခေါင်းကိုပိတ်၊ ခေါင်းကို အောက်ငုံ့ကာ “ဣတိပိသော ဘဂဝါ. . .”အစရှိသည့် ဘုရားဂုဏ်တော်ကို စိတ်ထဲမှ ဆိုသွားပါသည်။ အဘယ်ကြောင့်နည်း။
ကျွန်မနေထိုင်သည့် တိုက်ခန်းအိမ်ရာ၏ နောက်ဖေးလမ်းကြားများက အလွန်ညစ်ပတ်သောကြောင့် ဖြစ်ပါသည်။ မြောင်းထဲသို့ ဆင်းရမည့် ရေဆိုးပိုက်များက ပေါက်နေပါသည်၊ မိလ္လာပိုက်များတွင်လည်း ကျောက်ခက်ပင်များ၊ ညောင်ပင်များပေါက်၍ စာကလေးအသိုက်များပင် ရှိပါသည်။ (နောက်ဖေးတိုက်က စာကလေးများသည် ကျွန်မတို့အိမ်တွင် အစာလာစားကြပါသည်။ နေစရာအဆင်သင့်၊ စားစရာက အလွယ်တကူဆိုတော့ ဇိမ်ပဲ) တိုက်အောက်တွင်လည်း ပလတ်စတစ်အမှိုက်များ၊ ကျွတ်ကျွတ်အိတ်များ၊ ဘူးခွံများ၊ ကလေးဒိုက်ပါများနှင့် ပြည့်နှက်နေပါသည်။ အမျိုးသားများကလည်း အလွယ်တကူ လှည့်၍ ကိစ္စပြီးကြသဖြင့် ကျင်ငယ်နံ့လည်း ကြိုင်လှိုင်နေပါသည်။ ထို့ကြောင့် ကျွန်မတို့ ဈေးကပြန်လာ၍ နောက်ဖေးလမ်းကြားမှ ဖြတ်သွားမိသောအခါ အိမ်သို့ရောက်လျှင်ရောက်ချင်း ရေအမြန်ချိုးပစ်ရပါသည်။
ကျွန်မတို့တိုက်က တော်ပါသေးသည်။ တစ်တိုက်ခြားတွင်ရှိသော ကျွန်မအဘွားလေးအိမ်သို့ အလည်သွားသောအခါ သူတို့ အိမ်သာပြည့်လျှံနေသည်နှင့် ကြုံမိပါသည်။ သူက ပြင်သည့်ဆရာကို စိတ်မချသောကြောင့် တိုက်အောက်သို့ ဆင်း၍လိုက်ကြည့်သောအခါ သူတို့မိလ္လာပိုက်ကို ကန်ထဲသို့မထည့်ဘဲ ဒီအတိုင်း တန်းလန်းကြီးဖွင့်ချထားသည်ကို တွေ့ရပါသတဲ့။ (အားလားလား… မတွေးရဲစရာပဲ။ လက်တွေ့မြင်ရသူအဖို့ ယင်းနေ့အတွက် ထမင်းစားဝင်တော့မည်မထင်ပါ)
ထို့ကြောင့်ပင်လားမသိ။ မြေညီထပ်များတွင် အိမ်နောက်ဖေးကို သံဇကာများ၊ ခြံစည်းရိုးအသေးစားကလေးနှင့် အကျအန မကာရံထားသူတို့မှာ ဆိုခဲ့ပြီးသော အဆင်းအနံ့တို့ကို မြင်ရ၊ ရှူကြရလေသည်။ (အဲဒါတောင် ဈေးတွေက ခေါင်ခိုက်နေတုန်း)
ဤသို့ ဖြစ်ပျက်နေသည်ကို တာဝန်ရှိသူတို့က မရှင်းမလင်းကြဘူးလား၊ မည်သည့်အရေးယူမှုမျိုးကိုမှ မပြုလုပ်လေသလား ဟု မေးစရာ ရှိပါသည်။ သူတို့လည်း တတ်နိုင်သလောက် လုပ်ကြရှာပါသည်။ သုံးလတစ်ခါ၊ ခြောက်လတစ်ခါဆိုသလို စည်ပင်သာယာက အမှိုက်များ လာရှင်းကြပါသည်။ နောက်ဖေးကို အမှိုက်များ မပစ်ချကြရန် အသံချဲ့စက်နှင့် လှည့်လည်၍ အော်ပါသည်။ “အမှိုက်ပစ်ချလျှင် ငါးထောင်ကျပ်” စသည်ဖြင့် ဒဏ်ငွေလည်း သတ်မှတ်ပါသည်။ သို့သော်လည်း ပစ်ချမြဲ ပစ်ချကြပါသည်။ နောက်ဆုံး အမှိုက်ပစ်မရစေရန် နောက်ဖေးမီးဖိုချောင်ရှိ ပြတင်းပေါက်များတွင် သံဆန်ခါများ လာရောက်တပ်ဆင်သည်အထိ ဖြစ်လာပါသည်။
ထိုသို့ ဆောင်ရွက်သဖြင့် အမှိုက်များ လျော့သွားပါသလား…? မလျော့သွားပါ။ ဘာကြောင့်ပါလဲ? ကျွန်မကတော့ မှန်မှန်နှင့် ထိထိရောက်ရောက် အရေးယူမှု မရှိခြင်းနှင့် နေထိုင်သူများ၏ မသိခြင်း/ ဂရုမစိုက်ခြင်း တို့ကို လက်ညှိုးထိုးပြချင်ပါသည်။
“အမှိုက်ပစ်လျှင် ငါးထောင်ကျပ် ဒဏ်ငွေပေးဆောင်ရမည်”ဟူသည့်စာတန်းကို စည်ပင်သာယာရုံးတွင် ကပ်ထားသော်လည်း အမှိုက်ဟူသမျှကို နောက်ဖေးပြတင်းပေါက်မှ ပစ်ချနေသည့် ကျွန်မတို့ အနောက်တိုက်က အစ်မတစ်ယောက် တစ်ခါမျှ ဒဏ်ရိုက်မခံရပါ။ ရပ်ကွက်ထဲရှိ အတင်းသတင်းမျိုးစုံကို အနံ့ရသည်နှင့် လုံးစေ့ပတ်စေ့ လူစေ့အောင် လိုက်ပြောတတ်သော အန်တီကြီးများသည်လည်း ဤကိစ္စမျိုးကိုတော့ နှုတ်ဆိတ်နေကြပါသည်။ စီစီတီဗီတို့ တပ်ထားသော်လည်း မဖမ်းမိပါ။ တစ်ခါ မိုးရွာလာသဖြင့် သံဆန်ခါကြားထဲကို လက်ထိုး၍ ပြတင်းပေါက်ကို ခက်ခက်ခဲခဲပိတ်နေရချိန်တွင် အိမ်နောက်က အစ်မကြီးတစ်ယောက် မြန်မြန်ဆန်ဆန်ပင် ပြတင်းပေါက်ပိတ်လိုက်သည်ကို တွေ့မြင်လိုက်ရပါသည်။ ထို့နောက် ဘေးနားက အမေကို “အမေရေ ... သူ့နောက်ဖေးက သံဆန်ခါ ဘယ်ရောက်သွားလဲ”ဟု မေးလိုက်မိပါသည်။ “ဟဲ့ တပ်ပြီး ဘယ်သူမှ လာမစစ်လို့ တခြားအိမ်တွေမှာ ဖြုတ်လိုက်ကြတာ ကြာပါပကော..။ နင့်အဘွားကသာ ‘အ’လို့ မဖြုတ်ဘဲထားတာ” ဟု ခပ်ဆတ်ဆတ်ကလေး ပြန်ငေါက်ခြင်းကို ခံလိုက်ရပါသည်။ ဪ... အဲလိုလား။
ထိုအစ်မကြီးသာ ပစ်ချသည်မဟုတ်။ ကျွန်မလည်း ငယ်စဉ်က ရံဖန်ရံခါ မစားချင်သော မုန့်များကို ပစ်ချလေ့ရှိပါသည်။ အမေက နန်ကထိုင်ကဲ့သို့သော ချိုအီသည့်မုန့်များကို ကျွေးပါသည်။ ကျွန်မက လုံးဝမကြိုက်ပါ။ ထို့ကြောင့် အမေ့အလစ်တွင် (အမှိုက်ပုံးထဲသို့ ထည့်လို့ တွေ့လျှင် အရိုက်ခံရမည်စိုးသဖြင့်) နောက်ဖေးပြတင်းပေါက်မှ ဝှီးခနဲ ပစ်ချခြင်းဖြင့်သာ လက်စဖျောက်ပစ်ရပါသည်။ သို့သော် နောက်ပိုင်း အမှိုက်ကို စည်းကမ်းမဲ့စွာပစ်ခြင်း၏ ဆိုးကျိုးများကို သိလာသောအခါ မပစ်တော့ပါ။ ကျွန်မတို့ အိမ်ရာဘေးက နောက်တိုက်ခန်းတွဲအိမ်ရာ၏ နောက်ဖေးလမ်းကြားများကမူ အလွန်သန့်ရှင်းလှပါသည်။ အမေ့ကို မေးကြည့်တော့ “အဲဒါ ကုန်သွယ်ရေးက ဝန်ထမ်းတွေကိုပဲ ရောင်းတာလေ။ အငြိမ်းစားတွေဆိုတော့ စည်းကမ်းရှိကြတာပေါ့” တဲ့။ မြို့ထဲက တိုက်ခန်းနောက် လမ်းကြားများကိုလည်း ရောက်ဖူးပါသည်။ အံမယ်.. သူတို့ဆို နံရံတွေမှာ ပန်းချီတွေတောင် ဆွဲထားလိုက်ကြသေး။
တက္ကသိုလ် တတိယနှစ်သို့ ရောက်သောအခါ အင်္ဂလိပ်ဘာသာတွင် guerrilla gardeningဟူသော စကားတွဲကို သင်ရပါသည်။ ထိုမှ တစ်ဆက်တည်း UK နိုင်ငံမှ websiteကိုလည်း သွားကြည့်မိပါသည်။ မျက်နှာဖုံးတွင် ရေးထားသည့် စာသားလေးကို ကျွန်မ အလွန်သဘောကျသွားပါသည်။ သူက “Let’s fight the filth with forks and flowers”တဲ့။ ကျွန်မတို့လည်း လမ်းကြားလေးတွေမှာ အမှိုက်တွေ မပစ်ဘဲ သီးပင်စားပင် ပန်းပင်လေးတွေ စိုက်ကြရင် မကောင်းဘူးလား…
Comments
Cat ပြောတာတွေ မှန်ပါတယ်၊ Cat ရဲ့အိမ်နီးချင်းများအများစုက သဘောတူလိမ့်မယ်လို့ထင်တယ်၊
ReplyDeleteကျွန်တော်ကြားတာတော့ ရန်ကုန်က နောက်ဖေးလမ်းကြားတစ်ချို့ကို ပြောင်းလဲသွားတယ်၊
ဥပမာဆိုရင
https://coconuts.co/yangon/news/support-yangon-alley-garden-project/
ဟုတ်။ မြို့တော်စီမံချက်တွေက အစွန်အဖျားနေရာတွေကို သိပ်မသက်ရောက်ဘူး။ အဲဒါကြောင့် ကျွန်မတို့နားမှာ ကိုယ်ထူကိုယ်ထ မရှင်းကြရင် ညစ်ပတ်နေရောပဲ။
Delete