Featured post
- Get link
- X
- Other Apps
လိပ်က ကိုယ့်ဘက်ပဲ ကိုယ်ယက်တာကြောင့် နာမည်ကြီးပါတယ်။ ကျွန်မကလည်း ကိုယ့်အကြောင်းပဲ ရေးနေမိပါတယ်...
အရင်တစ်နေ့က ကျွန်မကို ဘုဂလန့် အမြဲပြောတတ်တဲ့ သူငယ်ချင်းကို ဒီblogသွားပြမိပါတယ်။
"နင် ငါ့blogကို ဖတ်ပြီးပြီလား😃"
"အင်း.. ဟိုတစ်ပုဒ် ဒီတစ်ပုဒ်ပေါ့😒"
"အဲဒါဆို နင် ဘယ်လိုထင်လဲ😄"
"နင့်အတ္ထုပ္ပတ္တိကို ရေးထားတာပဲကို ငါက ဘာထင်ရဦးမှာလဲ😑"
"အိုး... ဟုတ်သား😁။ ငါ့အကြောင်းချည်းပဲဆိုတော့ ဖတ်ရင်း ငါ့ကိုပဲ တွေးနေလိုက်တော့ပေါ့ ဟုတ်လား😅"
ကျွန်မလည်း ရှက်ကိုးရှက်ကန်းနဲ့ အဲလိုလေးပြောပြီး ပြန်လှည့်လာရပါတယ်။ သူပြောမှ သေချာစဥ်းစားကြည့်တော့... ဟုတ်ပါရဲ့၊ အကုန်လုံး ကျွန်မအကြောင်းချည်း ရေးထားတာပဲ😆။
ခဏနေပါဦး.. သူများ blogတွေမှာ ဘာတွေ ရေးကြသလဲ?
ဝတ္ထုတွေ ရေးတယ်၊ ရှိပြီးသားဝတ္ထုကို ဘာသာပြန်ကြတယ်၊ ဟင်းချက်နည်း မုန့်ဖုတ်နည်း ပန်းထိုးနည်း ချည်ထိုးနည်း စတာတွေ ရေးတယ်၊ ခရီးသွားမှတ်တမ်းလေးတွေ ရေးတယ်၊ ပစ္စည်းတွေလည်း ရောင်းလိုက်ကြပါသေးတယ်။
ဪ... အဲလိုဆို ကျွန်မကရော ဘာလို့ ကိုယ့်အကြောင်းပဲ ကိုယ်ရေးနေရသလဲ🤔
ကျွန်မပဲ ကိုယ့်အကြောင်းကိုယ် ရေးတာ မဟုတ်ပါဘူး။ စာရေးဆရာ သော်တာဆွေလည်း သူ့အကြောင်းတွေ တစ်ပုံကြီး ရေးခဲ့တာပါပဲ။ ဘာကြောင့်လဲလို့ မေးတဲ့အခါ သူက ဒီလို ပြန်ဖြေပါတယ်။ "ကျွန်တော်ကောင်းကောင်းသိတာဆိုလို့ ကိုယ့်အကြောင်းပဲရှိတာဆိုတော့ ကိုယ့်အကြောင်းကိုယ် ရေးရတော့တာပေါ့" ကျွန်မလည်း အဲသလိုပါပဲ။
ကျွန်မက ဘာသာရပ်ဆိုင်ရာ ပညာရှင်ကြီးလည်း မဟုတ်၊ အတွေးအခေါ်ပညာရှင်ကြီးလည်း မဟုတ်၊ ဟင်းချက်မုန့်ဖုတ်တာလည်း လုံးဝ စိတ်မဝင်စား၊ ဘယ်နေရာမှလည်း မရောက်ဖူး၊ စာကလည်း ရေးချင် ဆိုတော့ကာ... ကိုယ့်အကြောင်းကိုယ်ပဲ ရေးရပါတော့တယ်။
ပြီးတော့ ကျွန်မမှာ စကားပြောဖော်လည်း မရှိပါဘူး။ သတိထားမိကြလားတော့ မသိ... ကျွန်မက အလွန်စကားများပါတယ်။ ကျွန်မမသိတဲ့အကြောင်းဆိုရင်တော့ နှုတ်ဆိတ်နေပေမဲ့ ကျွန်မသိတဲ့အကြောင်း (အထူးသဖြင့် ကျွန်မအကြောင်း😆) ဆိုရင်တော့ ရေပက်မဝင်အောင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ ရှိတဲ့ သူငယ်ချင်းက နယ်ပြန်၊ တခြားသူတွေလည်း ပြောစရာ မရှိလေတော့ ဒီမှာသာ ဖြစ်ပျက်သမျှကို ဖွင့်အန်ချနေရပါကြောင်း။ (စကားကြီးခြောက်ခွန်းထဲက ပြောရမယ်ဆိုရင်တော့ "ဟုတ်တော့ ဟုတ်မှန်၏၊ အကျိုးတော့ မရှိ၊ လူလည်းမဖတ်" ဆိုတာမျိုး ဖြစ်မယ် ထင်ပါရဲ့)
ကျွန်မအကြောင်းကို မဖတ်ချင်ဘူးဆိုရင်တော့ ဘယ်ဘက်အပေါ်ထောင့်က menu buttonကို နှိပ်ပြီး "ခေတ်သစ်၏ သမီးပျိုများ" (အမှန်တော့ ကျွန်မအကြောင်းပါပဲ။ ဒါဆပမဲ့ နာမည်အသစ်နဲ့ ဇာတ်ကောင်များများဆိုတော့ ပိုပြီး မြိုင်တာပေါ့) နဲ့ "psychology; facts and trash" တို့ကို ဖတ်ရှုနိုင်ပါတယ်။ (ဒါက ပရိုမိုးရှင်း ဆင်းတာ🤣)
ကဲ... အဲဒီတော့ ရှင်တို့မှာလည်း ကိုယ့်အကြောင်းချည်း ကိုယ့်အတွက်ချည်း ဂရုစိုက်နေမိတဲ့အချိန် ရှိသလား..။ ရှိတယ်ဆိုရင် ဘယ်လိုဘယ်လို သတိထားမိကြသလဲ?🤔
Comments
အရင်ပြောချင်တာက ဒီ blog က entry တွေထဲမှာ Cat အကြောင်းနဲ့ Cat ရဲ့ဘဝအကြောင်း ရေးထားတဲ့ entries ကိုတော့ အကြိုက်ဆုံးပဲ၊ slice of life တို့ daily entries တို့ lifestyle တို့ self reflection တို့ ဘာတို့ ဖတ်ရတာ အရမ်းသဘောကျတယ်၊ ဘာလို့လဲဆို ကျွန်တော်က အမေရိကလူမျိုးတစ်ယောက်အနေနဲ့လေ ကွာခြားတဲ့ ယဉ်ကျေးမှုအကြောင်း ဖတ်ဖို့ကောင်းတယ်၊ မြန်မာယဉ်ကျေးမှုကို တကယ်စိတ်ဝင်စားတယ်၊ ကျွန်တော်က Cat blog တစ်ဆင့် မြန်မာမှာနေတဲ့ သူရဲ့ဘဝက ဘယ်လိုမျိုးလဲဆိုတာ သုံးသပ်ပြီး နားလည်လို့ရပါတယ်၊ အဲဒါမို့လို့ နေ့စဥ်ဘဝအကြောင်း ရေးထားတဲ့ entries က စိတ်ဝင်စားဖို့ကောင်းတယ်၊ အဲဒါတွေကို အရမ်းကြိုက်တယ်၊ များများရေးပေးနော်။
ReplyDeleteကျေးဇူးနော်
Delete