Featured post

ဖေဖော်ဝါရီ ၁ရက်နေ့

 ဒီနေ့တော့ ရေးရမဲ့စာ စောစောနဲ့ အချိန်မီလေး ပြီးသွားလို့ ကျွန်မ တော်တော်ပျော်နေပါတယ်။ ဒါပေမဲ့ အမှန်က ဒီနေ့ဟာ စိတ်မကောင်းစရာ နေ့တစ်နေ့ပါ။ ကျွန်မတို့ မအလကျွန်ဘဝ ကျရောက်တဲ့နေ့ဆိုပါစို့။ မနှစ်က ဒီအချိန် ကျွန်မ ဘာတွေ လုပ်နေခဲ့သလဲ?

မနှစ်က ဇန်နဝါရီ ၃၁ရက်မှာ ပျော်ရွှင်စွာ အိပ်ရာဝင်သွားခဲ့ပါတယ်။ မနက်ဖြန်ဆိုရင် ကျွန်မအဘွားက မျက်စိသွားခွဲမယ်၊ အမေက ဆေးရုံကို လူနာစောင့်ဖို့ လိုက်သွားရမယ်၊ အိမ်မှာ ကျွန်မနဲ့ ညီမတော် ၂ယောက်တည်း ကျန်ခဲ့မယ်၊ ပြီးတော့ One Direction အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Harry Stylesမွေးနေ့။ ကျွန်မတို့ ပျင်းစရာကောင်းတဲ့ ထမင်းကြီး မစားကြဘဲ ကိုယ်ကြိုက်ရာ ချက်စားကြမယ်၊ ရုပ်ရှင်လည်း တစ်ဝကြည့်မယ်၊ အရမ်းပျော်ကြမယ်တွေးပြီး အိပ်သွားတာပါ။ ဒါပေမဲ့ မနက်စောစော ၅နာရီကျော်မှာ "စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့ဟေ့"ဆိုတဲ့ ညီမတော်အော်သံကြောင့် နိုးလာခဲ့ပါတယ်။ အစက ကျွန်မ မယုံပါဘူး။ ဘာလို့လဲဆို စစ်တပ်သာ အာဏာသိမ်းရင် ဒီတစ်ခေါက်တော့ ငါတို့တွေ ငုံ့ခံမနေတော့ဘူးလို့ facebookမှာ ကျွန်မနဲ့ သူငယ်ချင်းတွေ အပြန်အလှန်ပြောခဲ့ဖူးတာကြောင့်ပါ။ ပြီးတော့ မအလက ဒီလောက်ထိ ရူးမိုက်လိမ့်မယ်လို့လည်း မထင်ခဲ့ဘူး။ သူ့မှာ လိုချင်စရာမရှိတော့လောက်အောင် ပြည့်စုံနေပြီမဟုတ်လား?

ဒါပေမဲ့ တကယ်ကို အာဏာသိမ်းခဲ့ပါတယ်။ TV channelတွေ တစ်ခုမှ မလာတော့ပါဘူး။ ဖုန်းလိုင်းတွေလည်း ဖြတ်ခံထားလိုက်ရပါပြီ။ mobile dataလည်း မရတော့ပါဘူး။ ကံကောင်းလို့ wifiကတော့ ရနေပါသေးတယ်။ ကျွန်မ ပူထူသွားပါတယ်။ ပြီးတော့ အိမ်နားမှာရှိတဲ့ အစ်မဝမ်းကွဲအိမ်ကို ပြေးသွားမိပါတယ်။ သူတို့က အိပ်ရာကတောင် မနိုးကြသေးပါဘူး။ သူတို့လည်း တော်တော်အံ့ဩသွားကြပါတယ်။ ကျွန်မလည်း အိမ်ဘက်ကို ပြန်လာရင်း အိမ်အောက်ကဆိုင်မှာ မုန့်ဝင်ဝယ်ပါတယ်။ 

မြင်ကွင်းကတော့ ရုပ်ရှင်တွေထဲကအတိုင်းလိုပါပဲ။ သိတယ်မဟုတ်လား... ကမ္ဘာပျက်ပြီဆို လူတွေအရင်ဆုံး ဝင်စီးကြတာက စူပါမားကတ်တွေနဲ့ ကုန်စုံဆိုင်တွေပဲလေ။ ကျွန်မတို့အိမ်အောက်ထပ်က ကုန်စုံဆိုင်မှာလည်း တိုးလို့မပေါက်တဲ့ လူအုပ်ကြီးရှိနေပါတယ်။ "ဆီ၂ပိဿာ၊ ခေါက်ဆွဲခြောက် ၁ဖာ၊ ဆပ်ပြာက ၄ထုပ်၊ ကော်ဖီမစ် အထုပ်ကြီးက ၂ထုပ်၊ ဖယောင်းတိုင်က ၁၀ထုပ်" စသည်ဖြင့် လူတစ်ယောက်ကို ၁ပတ်လောက် စားနိုင်မဲ့ ရိက္ခာတွေကို စုဆောင်းကြပါတယ်။ ကိတ်ခြောက်၂ထုပ်ဝယ်ဖို့ လာတဲ့ ကျွန်မခမျာတော့ မိနစ်၃၀မက စောင့်လိုက်ရပါတယ်။ ကျွန်မလည်း လိုလိုမယ်မယ်ဆိုပြီး ကိတ်ခြောက် ၁ထုပ် ပိုဝယ်လိုက်ပါတယ်။ 

ကြောက်ကြောက်လန့်လန့်နဲ့ဘဲ ကျွန်မအဘွားတို့ ဆေးရုံကို သွားကြပါပြီ။ ဆေးရုံကို ဖုန်းဆက်တော့ "စာရင်းပေးပြီးသားလူတွေကို အပြီးခွဲပေးမယ်။ ပြီးရင် ကျွန်မတို့ မလာတော့ဘူး"ဆိုပြီး ပြောပါတယ်။ သူတို့လည်း ဒီလိုအခြေအနေကြုံရင် ဘာလုပ်ကြမယ်ဆိုတာ ကြိုတင်တိုင်ပင်ထားကြသလိုပါပဲ။ သိပ်မကြာပါဘူး... ကျွန်မ စာသင်ပေးနေတဲ့ ကလေးရဲ့ အမေလည်း ဖုန်းဆက်လာပါတယ်။ အင်တာနက်ရနေသေးရင်တော့ စာသင်ကြဖို့၊ မရရင်လည်း ရတဲ့နေ့မှ သင်ကြဖို့ပါ။ အင်တာနက်ရတော့ ကျွန်မလည်း တုန်တုန်ရင်ရင်နဲ့ စာသင်ဖို့ ပြင်ရပါတယ်။ ကလေးကတော့ ကာတွန်းကြည့်ဖို့ဆိုပြီး မနက်စောစောထပါရဲ့နဲ့ TVမှာ ဘာမှမလာလို့ စိတ်ညစ်နေပါတယ်။ ကလေးဖြစ်ရတာ ကောင်းလိုက်တာ... လို့ တွေးနေမိပါတယ်။ 

ကျွန်မရဲ့ အစ်မဝမ်းကွဲလည်း အိမ်ရောက်လာပါတယ်၊ ပြီးတော့ သူ့ယောက်ျားကို ဖုန်းဆက်ပါတော့တယ်။ (သူ့အိုပါးက တပ်က ဗိုလ်မှူးပါ) လင်တော်မောင်ကတော့ အိမ်မှာပဲ အခြေအနေကြည့်နေဖို့ပြောပြီး သူလည်း ဘာမှကြိုမသိရပါကြောင်း ပြောပါတော့တယ်။ ခဏကြာတော့ ပြန်သွားပါတယ်။ 

ဪ... မေ့လို့ အိမ်မှာ ကျွန်မ အဖီးမ(အဘွားရဲ့ အမေ)တစ်ယောက် ရှိပါသေးတယ်။ သူက TVကြည့်ချင်တယ် ကြည့်ချင်တယ်နဲ့ ပူဆာနေလို့ ကျွန်မတို့ အရင်က ကြည့်မယ်လုပ်ထားတဲ့ Dr. Stone ဂျပန်animeကိ ဖွင့်ပြထားလိုက်ပါတယ်။ ကျွန်မနဲ့ ညီမတော်လည်း စိတ်ညစ်ညစ်နဲ့ တစ်နေ့လုံး ရုပ်ရှင်ထိုင်ကြည့်နေကြပါတော့တယ်။

ကျွန်မတို့ ကျောင်းပြန်ဖွင့်ဖို့ စီစဉ်နေကြပါပြီ။ သူငယ်ချင်းတွေ ဆရာမတွေနဲ့လည်း ပြန်တွေ့ရတော့မှာပါ။ အလုပ်ကလေးတစ်ခုလည်း ရှိနေပါပြီ။ IELTSလည်း ဖြေမှာပါ။ Oxfordကိုလည်း သွားမှာပါ။ အဲဒီ့အချိန်မှာ မအလက အိပ်မက်တွေအကုန်လုံးကို ရိုက်ခွဲပစ်လိုက်ပါတယ်။ တော်လှန်ရေးကြီး မအောင်မြင်လို့ မဖြစ်ပါဘူး။ သူသာ ဆက်လက်အုပ်စိုးသွားနိုင်ခဲ့ရင် ကျွန်မတို့ ရှင်ရက်နဲ့ သေနေကြမှာ ဖြစ်ပါတယ်။

အို... သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့ ... 

အာဏာရှင်စနစ်ဟူသည် မည်သည့်အခါတွင်မှ မကောင်းခဲ့၊ နောက်လည်း ကောင်းလာမည်မဟုတ်။

မအလဟူသော သတ္တဝါသည် လူသားချင်းစာနာခြင်း တစ်စိုးတစ်စိမျှမရှိ။ 

ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်မတို့သည် လွတ်လပ်ရပါစေသတည်း။

တော်လှန်ရေးကြီး အောင်မြင်ရပါစေသတည်း။

အရေးတော်ပုံ အောင်ရပါစေသတည်း။

Comments

  1. မြန်မာပြည်သူများဆီ ဆုတောင်းမတ္တောပို့နေတယ်ဗျ��

    ReplyDelete

Post a Comment