Featured post
- Get link
- X
- Other Apps
ဇန်နဝါရီလ ကုန်ခါနီးနေပါပြီ။ အခုချိန်မှ New year New resolutionလုပ်လို့ရော မီနိုင်ပါဦးမလား...
အို ဘာပဲဖြစ်ဖြစ်လေ လုံးလုံးကြီး မလုပ်တာထက် နောက်ကျတာက ပိုကောင်းသေး ဆိုတဲ့ စကား ရှိတယ် မဟုတ်လား။ အဲဒါကြောင့် အခုပဲ ဖြစ်ဖြစ် လုပ်လိုက်တာ မီပါသေးတယ်။
ပထမတစ်ခုကတော့ နေ့တိုင်း မနက်စာ စားဖို့ပါ။ ကျွန်မက အလွန် အပျင်းကြီးပါတယ်၊ အအိပ်လည်း မက်ပါတယ်။ အဲဒီတော့ စားရမဲ့အချိန်ကို အိပ်ပစ်တာနဲ့ နိုးလာတဲ့အခါ အလုပ်တန်းလုပ်ရပြီး နေ့လယ်စာချိန်ရောက်မှ စားရတဲ့အဖြစ်ကို မကြာခဏ ကြုံပါတယ်။ အဲဒါကြောင့်လည်း မနက်ပိုင်းဆို မူးနေတာများပါတယ်။ (တစ်ခါတလေ အဲဒီ့မူးတာကိုပဲ အရသာခံနေတာက ရှိသေး) ကျောင်းတက်တုန်းကတော့ ဘယ်လိုဖြစ်ဖြစ် မနက်စာ စားရမယ်ဆိုပြီး ကားဂိတ်မရှောင် ကားပေါ်မရှောင် အတန်းတွင်းလည်း ထမင်းချိုင့်ဖွင့်ပြီး စားပါတယ်။ အဲ... ကိုဗစ်လည်း ဖြစ်ရော ကြိုးစားထားသမျှတွေ ပလုံပါလေရော။ နောက်တော့ လစာလေးကို နှမြောနေလို့ မစားပါဘူး။ အခုတော့ နောက်အလုပ်ထပ်ရပြီဆိုတော့ ဒီခန္ဓာကိုယ်ကို အစာကျွေးရပါတော့မယ်။
ဒုတိယကတော့ တစ်ရက်ကို အလုပ်ချိန် ၈နာရီထားဖို့ပါ။ အခုဆို စာသင်တဲ့ ကလေးက သုံးယောက်၊ စာရေးတဲ့အလုပ်က ၂ခု (အဲဒီ့ထဲက တစ်ခုက ပူပူနွေးနွေး နှစ်သစ်မှာ ရထားတာလေးပါ။ တစ်ပုဒ်ပဲ ရေးခိုင်းပြီး ဘာမှထပ်မပြောလို့ မသေချာမရေရာနဲ့ ပူနေရပါတယ်)၊ နောက် ကိုယ့် blogက တစ်ခု၊ ကျောင်းWebsiteအတွက် စာရေးပေးဖို့ ကတိပေးထားမိတာ တစ်ခု အဲဒါတွေ ပြီးဖို့ဆို အရင်ကလို လုပ်ချင်တဲ့အချိန် ထလုပ်လို့ ဖြစ်မှာ မဟုတ်တော့ပါဘူး။ စနစ်တကျနဲ့ အချိန်ပေးမှ ရပါတော့မယ်။ (အနှောင့်အယှက် အင်မတန်များတဲ့ ဒီအိမ်မှာ အလုပ်ချိန် ၈နာရီလုပ်ဖို့ဆိုတာ တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ)
တတိယကတော့ အိမ်ကို ပြန်ကူဖို့ပါ။ အခု အိမ်မှာ ဝင်ငွေအများဆုံးက ကျွန်မ ဖြစ်နေပါတယ် ( အဲလဲ့😆) ဒီနေ့ညနေကပဲ ရုပ်ရှင်တွေထဲကလို "အမေ အလုပ်မလုပ်ပါနဲ့တော့လား အမေရယ် သမီး ရှာကျွေးနိုင်ပါတယ်" ဆိုပြီး ပြောလိုက်ပါသေးတယ်။ (အမှန်ကတော့ ကျွန်မက အချက်အပြုတ် လုံးဝ မလုပ်ချင်လို့ ဉာဏ်ဆင်တာပါ။ ပြီးတော့ ရုပ်ရှင်ထဲကလူတွေ ဘယ်လိုခံစားချက်နဲ့များ ပြောလဲ သိချင်လို့) မီးဖိုချောင်ကိစ္စဆို တစ်ခုမှ မလုပ်ချင်ပါဘူး (ယောက်ျားလေးသာဖြစ်ရင် တော်တော်ဆိုးတဲ့အကောင်လို့ feministတွေ ဝိုင်းအော်ကြမှာ သေချာပါတယ်) ဘာပဲဖြစ်ဖြစ် လုပ်ရပါမယ်။ ကျွန်မ မိသားစုတွေနဲ့ အတူနေတဲ့ အိမ်မို့လို့ပါ။
လောလောဆယ်တော့ ဒီသုံးခုပါပဲ။ ထုံးစံအတိုင်း နှစ်ဆုံးရောက်ရင် သင်္ချာပုစ္ဆာတွေ အဖြေတိုက်သလိုမျိုး ပြောခဲ့တဲ့အတိုင်း ဖြစ်မဖြစ် ကြည့်ကြပါစို့လား...
စကားမစပ်... ရှင်တို့ရဲ့ နှစ်သစ်စီမံကိန်းတွေကရော ဘာလဲ။ ဘယ်နှခုကို အောင်အောင်မြင်မြင် လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိလဲ။
စာကြွင်း ။ ။ အပေါ်က သီချင်းက OneRepublicရဲ့ အသစ်ထွက်ထားတဲ့ သီချင်းပါ။ မြူးမြူးလေးနဲ့ အရမ်းကောင်းပါတယ်။
Comments
Post a Comment