Featured post
- Get link
- X
- Other Apps
ကျွန်မ စာမရေးတာ တော်တော်ကြာပါပြီ။ ဒီကြားထဲ ဘယ်ပျောက်နေလဲ သိချင်ကြလား။ ကျွန်မရဲ့ အလုပ်သစ်ကို လုပ်နေကျ အချိန်ဇယားထဲဝင်အောင် ညှိနေရပါတယ်။ (ရာသီဥတုက အေးနေတော့ အိပ်ရာထဲ ကွေးနေချင်တာလည်း ပါတာပေါ့😆) အဲဒီတော့ မေးစရာက ရှိလာတယ်။ ကျွန်မ ဘာလုပ်သလဲ...
အမျိုးစုံ လုပ်ပါတယ်။ မယုံမရှိနဲ့ တကယ်ပြောတာ အကုန်လုပ်တယ်။
ငယ်ငယ်တုန်းကဆို အဖေတို့က ငါးမုန့်လုပ်ကြတော့ အိမ်ကလုပ်တဲ့ ငါးမုန့်ကို ကျောင်းမုန့်ဈေးတန်းက ဆိုင်မှာ တစ်ထုပ် ၅၀နဲ့ တင်ဖူးပါတယ်။
နောက် ၂တန်းလောက်တုန်းက ကျောင်းမှာ စာသင်ပြီးချိန် ဆရာမက ပုံပြောချင်သူ ထွက်ပြောဆိုလို့ လောလောလတ်လတ် ဖတ်ထားတဲ့ မောရသုတ်အကြောင်း ထွက်ပြောရာကနေ ပိုက်ဆံ ၂၀၀လည်း ရဖူးရဲ့ (အဲဒီတုန်းက ရတဲ့ပိုက်ဆံ အမေ့ကိုပေးပြီး "အမေ့ကို ပိုက်ဆံရှာပေးပြီး အပ်တယ်နော်"ဆိုပြီး ထပ်ကာထပ်ကာ ဂုဏ်ဆာခဲ့တာလည်း မှတ်မိပါသေးတယ်😂😂)
နောက် ၇တန်းလောက်ရောက်တော့ "ပေးထားတဲ့ စာပိုဒ်အတွက် သင့်တော်တဲ့မေးခွန်းရေး၊ မှန်ရင် ဆုချမယ်" ဆိုလို့ အတန်းရှေ့ မေးခွန်းထွက်ရေးရာကနေ ၅၀၀လည်း ရလိုက်သေး (အဲဒီတော့မှ သူငယ်ချင်းတော်လာတဲ့သူတွေကို မုန့်ဝယ်ကျွေးရတာလည်း ၆၀၀မက ကုန်သွားလေကြောင်း 😂)
၁၀တန်းပြီးတော့ နိုင်ငံခြားတက္ကသိုလ်မှာ တက်တဲ့ သူငယ်ချင်းအတွက် assignment ရေးပေးရင်းနဲ့ ၃၀,၀၀၀ရ၊ ကိုယ်က ကပ်စေးကုတ်တတ်တာသိတော့ "busကား မစီးနဲ့ taxiစီး" ဆိုပြီး ပေးလိုက်တဲ့ ၅,၀၀၀ကိုလည်း busပဲ စီးပြီး ချွေတာ
နောက် တက္ကသိုလ်တက်တော့ ဆရာမတွေ IQ, EQ testစစ်တာတွေ ဝင်ကူရင်း ပိုက်ဆံရှာပြန်ရော (ကျွန်မက စိတ်ပညာမေဂျာယူတယ်လေ)
ပြီးတော့ အိမ်က ညီမတော်ကိုလည်း ပိုက်ဆံချေးရင်းနဲ့ အတိုးမရတဲ့ ရင်းနှီးမြုပ်နှံမှုကလေးလုပ်
၅၀/၁၀၀ အပိုထွက်အောင် စာသင်နှစ်အစမှာ သင်ဖို့ ဖတ်စာအုပ်တွေကူးရင် ကျွန်မပဲ ဒိုင်ခံကူး (ပြောသာပြောတာ ကိုယ်ကပဲ လူအားရော ငွေအားပါ စိုက်လိုက်ရရော)
အဲဒါတွေကတော့ အရင်က လုပ်ခဲ့တာတွေပါ။ အခုကရော ဘာလုပ်သလဲ
ကျွန်မ မူလတန်းကလေးတွေကို စာသင်ပါတယ်။ ကလေးတွေကို စာသင်ရတာ အင်မတန် ပင်ပန်းပါတယ်။ သူတို့လေးတွေက မှင်စာကလေးတွေ အတိုင်းပဲ။ ချစ်စရာတော့ ကောင်းပါရဲ့ .. စာအကြောင်းပြောနေရင် နားမထောင်တာ ဆော့နေတာ ကျွမ်းထိုးနေတာကတော့ တော်တော်ထိန်းရခက်ပါတယ်။ (စာမရေးချင်လို့ ဈေးဆစ်တဲ့သူက ရှိသေး)
ဘာသာပြန်တယ်။ ဒီအလုပ်ကတော့ အချိန်ညှိနေရတဲ့ အလုပ်သစ်ကလေးပါ။ တစ်ပတ်ကို တစ်ပုဒ်ရေးပေးရပါတယ်။ စာသင်ချိန်လို အချိန်အတိအကျမရှိတော့ (သိတဲ့အတိုင်း) ဟိုရွှေ့ ဒီရွှေ့နဲ့ deadlineအမီကို မနည်းရေးရပါတယ်။
အမေ့ရဲ့ ရုံးအလုပ်ကို ကူလုပ်တယ်။ အမေက ကိုယ်ပိုင်ကျောင်းက ဆရာမပါ။ ကျွန်မသိသလောက်တော့ သူ့ရဲ့ job descriptionထဲမှာ စာစီစာရိုက် ရုံးအလုပ်တွေ လုပ်ရမယ်လို့ မပါပါဘူး။ ဒါပေမဲ့ လုပ်နေရပါတယ်။ သူက မရိုက်တတ်တော့ ကျွန်မက ရိုက်ပေးနေရတာပေါ့။
crochetထိုးတယ်။ ဒါကတော့ facebookမှာ အတန်းဖော်တွေ ထိုးတာအားကျလို့ လိုက်ထိုးတာပါ။ အခုဆို ခွက်အောက်ခံလေးတွေ ထိုးလို့ crush အစ်ကိုကြီးနဲ့ သူငယ်ချင်းတွေကိုတောင် လက်ဆောင်ပေးလိုက်ပါသေးတယ်။ (စီးပွားဖြစ် ထိုးရောင်းရမလားနော်)
စက်ချုပ်တယ်။ အာဏာသိမ်းပြီးကတည်းက ကျွန်မအမေက စက်ချုပ်ဖို့ကို တွန်းအားပေးပါတယ်။ သူ့ အတွေးက ဒီလို "သမီး၂ယောက်ရှိတာမှာ သူတို့ အတည်အလုပ်တွေအပြင် တစ်ယောက်က ချက်ပြုတ် ဖုတ်ကြော်၊ နောက်တစ်ယောက်က စက်ချုပ် ပန်းထိုး၊ ငါတို့အိမ်တော့ ချမ်းသာပြီ" အဲသလို ဖြစ်ပါတယ်။ ကျွန်မကတော့ သူပြောတဲ့အတိုင်း အစုံသုပ် မလုပ်ချင်ပါဘူး။ ဒါပေမဲ့လည်း ကိုယ့်အင်္ကျီကိုယ်ချုပ်ဝတ်ရတာတော့ တော်တော်ကို ကျေနပ်စရာကောင်းပါတယ်။
အဲဒါအပြင် အပန်းပြေဆိုပြီး တရုတ်ဝတ္ထု၊ ကိုးရီးယားဝတ္ထု၊ mangaတွေလည်း တမေ့တမော ဖတ်လိုက်ပါသေးတယ်။
ကဲ… တစ်ရက် ၂၄နာရီရတာတောင် သိပ်မလောက်ချင်ပါဘူး😂အစကတည်းက စာရေးပျင်းရတဲ့အထဲ အခုလိုဆိုတော့ ပိုဆိုးပေါ့။
ရှင်တို့ရော တစ်ရက် တစ်ရက်ကို ဘာတွေနဲ့ အချိန်ကုန်သလဲ စဉ်းစားမိကြလား..
- Get link
- X
- Other Apps
Comments
ဟုတ်တယ်နော် အချိန်နဲ့ လုပ်စရာတွေနဲ့ မမျှဘူး၊
ReplyDeleteအခုတလော Cat ဘာတွေကို ဘာသာပြန်လုပ်နေလဲမသိဘူး၊ ပြီးတော့ ဘာဘာသာစကားကနေ ပြန်နေလဲ၊ စပ်စုနေတာလို့မထင်ပါနဲ့၊ ကျွန်တော်သိချင်စိတ်ဖြစ်ရလို့ပါဗျ။
စိတ်ပညာကျောင်းသူဆိုတော့ကာ PsychologyToday တို့လို PsychCentralတို့လို websiteတွေက စိတ်ပညာဆောင်းပါးတွေကို Counselling serviceပေးတဲ့ ဆေးခန်းတစ်ခုသုံးဖို့ အင်္ဂလိပ်ဘာသာကနေ ပြန်ပါတယ်။ (ဗမာအပြင် တတ်တာဆိုလို့ အဲဒီတစ်ခုပဲ တတ်တာကိုး😅)
Deleteအရမ်းကောင်းတယ်၊ cat အဲ့လိုလုပ်တာနဲ့ တခြားသူတွေကို တကယ်လိုအပ်တဲ့ အကူအညီ ရလို့ရတယ်၊ သူတို့ကို အကျိုးကျေးဇူးရတာပေါ့။
Delete