Featured post
- Get link
- X
- Other Apps
ကျွန်မ သည်းမခံနိုင်တော့ပါ။
ဒီအကြောင်းကို ကျွန်မလည်း အခွင့်ရသလို ပြောပါတယ်။ စီနီယာ အစ်မတို့ ဂျူနီယာမောင်လေးတို့ ပါမောက္ခဆရာကြီး ဆရာမကြီးတွေ အကုန်ပြောကြပါတယ်။ ဒါပေမဲ့ ဒါက အခုထက်ထိ မပျောက်သေးပါဘူး။ အဲဒါကတော့ စာအုပ်ထုတ်နေသူတွေ bloggerတွေက စိတ်ရောဂါတွေကို အမျိုးစုံ အမည်တပ်၊ နာမည်အသစ်တွေပေး၊ ရောဂါလက္ခဏာတွေနဲ့ တိုက်ကြည့်ကြတတ်တာပါပဲ။
အရင်က သေချာtrainingယူထားတာလည်းမဟုတ်ဘဲ “နှစ်သိမ့်ဆွေးနွေးပေးပါတယ် နားထောင်ပေးပါတယ်”ဆိုတဲ့ ချစ်တဲ့လှနုတွေ ပေါ်ကတည်းက ပြောချင်နေတာပါ။ တလောက စိတ်ကင်ဆာဆိုတာလည်း တွေ့လိုက်ရပါတယ်။ ဒီနေ့မနက်လည်း “OCDဆိုတာ normalပါပဲ”ဆိုတာတွေ့လိုက်ရတော့ ဪ... မဟုတ်သေးဘူးဟဲ့လို့ ရေးလိုက်ရပါတယ်။ (ဖြစ်နိုင်ရင် အင်္ကျီမှာရေးပြီးတော့ကို မြို့ကို ပတ်ချင်တာ။ normalသာဆို ဘယ်လိုလုပ် အရေးတယူ ကုနေမလဲဟဲ့
ပြီးတော့ ဒီရောဂါရဲ့လက္ခဏာတွေက ဆယ်ကျော်သက်အရွယ်မှာ စပြီးတွေ့ရတာနော်။ teenage OCD အိုကြီးအိုမOCDဆိုပြီး ရှိမနေဘူး)
ကျွန်မတို့ဟာ လူသားတွေပါ။ ဒါပေမဲ့ ပြီးပြည့်စုံခြင်း မရှိပါဘူး။ အဲဒါကြောင့် နာဖျားတာ နေမကောင်းဖြစ်တာတွေ ရှိတတ်ပါတယ်။ စိတ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကျွန်မတို့ တခါတလေ အစားမှားတာကြောင့်ပဲဖြစ်ဖြစ် ဗိုက်အောင့်ဗိုက်နာ ဖြစ်တတ်ကြတယ်မဟုတ်လား။ ဒါပေမဲ့ ဘယ်သူက“ငါတော့ အစာအိမ်ကင်ဆာဖြစ်နေပြီ”ဆိုပြီး ဆေးတွေဝယ်သောက်လို့လဲ။ လူတွေပဲ နေမကောင်း ခေါင်းကိုက်တာလောက်တော့ ရှိမှာပေါ့။ ဒါပေမဲ့ အဲဒါကို “ခေါင်းကိုက်တာဟာ ဦးနှောက်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။ ဦးနှောက်ကင်ဆာဟာ ပုံမှန်ပါပဲ”လို့ ပြောကြလို့လားရှင်။ စိတ်မှာလည်း ခံစားလို့မကောင်းတာ၊ ဝမ်းနည်းနေတာ၊ တစ်ခုခုကို တွေးနေမိတတ်တာ ဘာညာ ဘာညာ ဒါတွေက ဖြစ်မှာပဲလေ။ တကယ်ပြင်းထန်တဲ့ စိတ်ဝေဒနာတွေမှာ ဒါတွေရှိတာ ဟုတ်ပါရဲ့။ ဒါပေမဲ့ ငိုချင်နေတိုင်း စိတ်ကျရောဂါ ဖြစ်နေတာ မဟုတ်ဘူး၊ လက်ကို ထပ်ခါထပ်ခါဆေးတိုင်းလည်း OCDမဟုတ်ပါဘူး။
OCD, BIPOLAR DISORDER, DID, PTSD, ဒါတွေကို လက္ခဏာလေးတူရုံလောက်နဲ့ “ဒီရောဂါတွေ တွေ့နေရပါတယ်” ဆိုပြီး မှတ်ယူလို့ မရပါဘူး။ ဘယ်လောက်ပြင်းထန်လဲဆိုတာ ကြည့်ရပါတယ်။ ကိုယ်ခန္ဓာကို ဆေးစစ်ပြီးတော့ရော စစ်ဆေးလွာတွေနဲ့ရော စောင့်ကြည့်လေ့လာပြီးတော့ရော သေသေချာချာတိုက်ဆိုင်ပြီးမှ ဒီနာမည်တွေ တပ်လို့ရတာပါ။ အကြမ်းဖျင်းအားဖြင့်တော့ Dတွေနဲ့ ကြည့်ရပါတယ်(ဒါက အလွယ်မှတ်ရလွယ်အောင် ပြောတာ)။
Deviance - သက်ဆိုင်ရာ ယဉ်ကျေးမှုက သတ်မှတ်ထားတဲ့ စံတွေနဲ့ လွဲနေသလား ဒါမှမဟုတ် statistical rarity (ဒီအကြောင်း နောက်မှ သပ်သပ်ပြောမယ်) ဖြစ်နေသလား
Distress - အဲဒီ့အပြုအမူဟာ သူ့ကို ဒုက္ခဖြစ်စေသလား ပုံမှန်ကိစ္စတွေ မဆောင်ရွက်နိုင်လောက်အောင် စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်စေသလား
Dysfunction - အိမ်မှုကိစ္စ အလုပ်ခွင် လူမှုရေး စတဲ့နေရာတွေမှာ ပုံမှန်လို မစွမ်းဆောင်နိုင် ဖြစ်နေတာရဲ့ အကြောင်းရင်းလို့ ယူဆရသလား
Danger - သူ့အတွက်ပဲဖြစ်ဖြစ် ပတ်ဝန်းကျင်အတွက်ပဲဖြစ်ဖြစ် အန္တရာယ်ဖြစ်စေသလား
Duration - ဘယ်လောက်ကြာပြီလဲ... ဒါတွေနဲ့ ချိန်ဆရပါတယ်။ ဒီအချက် တစ်ချက်နှစ်ချက်ရှိရုံနဲ့လည်း ဘာ disorder ရှိနေပြီ ညာရောဂါ ဖြစ်နေပြီလို့ ပြောလို့မရပါဘူး။ (DISORDERဆိုတဲ့စကားလုံးဟာ အလကားသုံးထားတာ မဟုတ်ပါ။ စံလွဲနေလို့ ထည့်ထားရတာဖြစ်ပါကြောင်း
) စိတ်ရောဂါတွေကို လေ့လာပြီး ချိန်ထိုးနိုင်အောင် ပြုစုထားတယ်ဆိုတဲ့ DSM တောင် အငြင်းပွားစရာ ပြုပြင်စရာတွေကို ပြုရင်း ပြင်ရင်း အခုဆို 5th editionတောင် ရောက်နေပါပြီ။ ဒီမှာတင်ပဲ ရပ်နေမှာ မဟုတ်ပါဘူး။ နောက်လည်း ပြင်စရာတွေ တွေ့ရင် ပြင်နေရဦးမှာပါပဲ။ အဲဒီတော့ ဘယ်ဟာကတော့ ဘယ်လိုလေးဆိုတာ သိဖို့က ပညာရပ်ကို နက်နက်နဲနဲလေ့လာဖို့ လိုပါတယ်။
နည်းနည်းသိတာလေးနဲ့ ဟောပြောနေရင် အန္တရာယ်အလွန်များပါတယ်။ မိမိကိုယ်ကိုယ် သံသယရှိတဲ့သူတွေကလည်း အပေါ်ယံရေးထားတာကို လိုက်ဖတ်ပြီး တိုက်မစစ်ကြပါနဲ့။ ခန္ဓာကိုယ်မှာ နေမကောင်းဖြစ်ရင် တွေ့ကရာ ဒေါက်တာရမ်းကုဆီမသွားကြပဲ နှလုံးနေမကောင်းရင် နှလုံးအထူးကု၊ အရိုးနေမကောင်းရင် အရိုးအထူးကုဆီသွားကြသလို စိတ်ကျန်းမာရေးလေးကိုလည်း ဂရုစိုက်ပေးကြရင် သိပ်ကောင်းမှာပဲ။
ဪ... ဒါနဲ့လေ သေသေချာချာမသိဘဲ လျှောက်ပြောလျှောက်ရေးနေတဲ့သူတွေအတွက် ရောဂါတစ်မျိုး ရှိသတဲ့နော်.. စိတ်လိပ်ခေါင်းတဲ့။ ပြူတစ်ပြူတစ်နဲ့ အကျိုးမပေးတဲ့ဟာတွေ (ကျွန်မ creationလေး ကောင်းရဲ့လား
။ ရွဲ့ပြောတာနော် တကယ်ရှိတယ် ထင်မနေနဲ့ဦး
)
Comments
Post a Comment