Featured post

သော်တာဆွေရဲ့ ဘရန်ဒီ တစ်ပုလင်းတော့ မဟုတ်ဘူး ကေသီမေရဲ့ ဝိုင်တစ်ပုလင်း💁🏽‍♀️💁🏽‍♀️

(ဒီစာက ၃၁. ၈. ၂၀၂၁တုန်းက အဖြစ်အပျက်အကြောင်း ပြန်ရေးထားတာပါ)

ဟိတ်..သော်တာဆွေရဲ့ ဘရန်ဒီတစ်ပုလင်း ဝတ္ထုကို ဖတ်ဖူးကြရဲ့လား!!!

စာရေးဆရာ သော်တာဆွေက အဲဒီ့ဟာသဝတ္ထုနဲ့ နာမည်ကြီးလာပါတယ်။ (ကျွန်မအမြင်တော့ အဲဒီဝတ္ထုက တော်တော်ညစ်ညစ်ပတ်ပတ်နဲ့ ရယ်စရာလည်း မကောင်းပါဘူး) အဲဒီတော့ ကျွန်မလည်း ကျွန်မနဲ့ ဝိုင်ပုလင်းအကြောင်းကို စာစပ်ပါ့မယ်။ (နာမည်များ ကြီးလာမလားပေါ့ ဘယ်ပြောတတ်မလဲ🤭🤭)

ဝိုင်တစ်ပုလင်းဟာ လူတွေကို ဘယ်လောက်ကြာကြာ စိတ်လှုပ်ရှားစေနိုင်သလဲ... အတိအကျတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကတော့ အိမ်နားက Capital ဈေးဝယ်စင်တာမှာ ဈေးလျှော့ထားတဲ့ ဝိုင်ပုလင်းတွေ တွေ့ကတည်းက ကြိုတင်စိတ်ကူးယဉ်ပြီး စိတ်လှုပ်ရှားနေကြတာပါ။ "အင်း... ဒီဝိုင်ကို ဘယ်ပုံဘယ်လို ဉာဏ်ဆင်ပြီး ဝယ်ရပါ့။ အိမ်မှာ ဘယ်လို ဖွက်ပြီး သောက်ရပါ့ (ကျွန်မတို့အိမ်က ဘီယာ ဝိုင် အယ်လ်ကိုဟော ပါသမျှ အရက်ပျံကလွဲလို့  အကုန် တားမြစ်ထားပါတယ်)  သောက်ပြီးရင် ဘယ်လို လုပ်ရပါ့ တစ်ခါတည်းပဲ အပြတ်ချရမလား ရက်ကြာရင် ဘယ်လို ဖြစ်သွားမလဲ" ညီမတော်တော့ ဘယ်လိုတွေးနေလဲ မသိပါဘူး၊ ကျွန်မကတော့ အဲဒီလို တွေးနေပါတယ်။ 

ပြီးတော့ အမျိုးစုံ အကြံထုတ်နေပါတော့တယ်။ အောင်ပွဲခံရင်း သောက်ရမလား... စိတ်ညစ်လို့ သောက်ရမလား..အောင်ပွဲခံရင် ဘာကို ဘယ်အတွက် ခံရမှာလဲ စသည်ဖြင့် စသည်ဖြင့်ပေါ့။ အဲလိုနဲ့ ကြားထဲမှာ ကိစ္စမျိုးစုံ ဖြစ်၊ အဲဒီ့အကြောင်းလည်း မေ့သွားပါလေရော...။

ဇာတ်လမ်းက အဲဒီမှာ မဆုံးသေးပါဘူး။ (ဆုံးရင် ဘယ်လိုလုပ် ဆက်ရေးနေမလဲလေ) အရင် တစ်ပတ်လောက်က capitalကို သွားမိတာမှာ ဝိုင်ပုလင်း ဈေးလျှော့ထားတုန်းပါပဲ။ အဲဒါကို မြင်တော့ ပိုးက ပြန်ထလာပါတယ်။ အဲလိုနဲ့ တစ်ယောက်တည်း သွားတဲ့အခေါက်မှာ ဝယ်ပစ်လိုက်တော့တာပါပဲ။ 

အရက်ပါတာ ဝယ်တော့ မှတ်ပုံတင်ဖြစ်ဖြစ် ကျောင်းသားကတ်ဖြစ်ဖြစ် ID တစ်ခုခု တောင်းမယ် ထင်ထားတာပါ။ ဒါပေမဲ့ ဘာမှ မတောင်းပါဘူး။ ဪ.. ၈တန်းလောက်နဲ့ တူတယ်နော်လို့ အပြောခံရတဲ့ ရုပ်ဟာ အိုများ အိုသွားသလားပေါ့.. (ဒါမှမဟုတ် တိုင်းပြည်ကသူတွေ အန္တရာယ်ရှိတာပဲ လုပ်လုပ် ဘာပဲလုပ်လုပ် နိုင်ငံအကြီးအကဲတွေက သေချာ ဂရုမစိုက်တာလည်း ဖြစ်နိုင်ပါတယ်)

အဲလိုနဲ့ ပြန်လာရော။ ကျွန်မကတော့ ဝိုင်ကို သောက်နေကျ အိုဗာတင်း mug ခွက်ထဲ ထည့်သောက်မယ် စိတ်ကူးတာပါ။ (ကိစ္စဝိစ္စလည်း မများဘူး၊ များများလည်း သောက်ရတယ်ပေါ့ လောဘကြီးပုံများ) ဒါပေမဲ့ ညီမတော်က ဝိုင်ခွက်နဲ့ သေချာ အကျအန သောက်စေချင်ပါတယ်။ အဲလိုနဲ့ ဂလူးဂလူးက ဝိုင်ကို ဝိုင်ခွက်နဲ့မသောက်ရင် အရသာ ပြောင်းတယ်ဆိုတာ ဘာညာ ရှာပြီး လာပြပါတယ်။ "အဲလောက်တောင် ဖြစ်တာ နောက်ဆို ကရိကထမများတဲ့ဟာပဲ သောက်တော့မယ်"လို့ စိတ်ထဲမှာ ကျိတ်တွေးနေပါတော့တယ်။ ညီမတော်ကတော့ ဝိုင်နဲ့တွဲသောက်ရမဲ့ အစားအစာ ဘာညာ သာတကာ အထူးထူးတို့ကို စိတ်ကူးပြီး လှုပ်စိလှုပ်စိ ဖြစ်နေပါတော့တယ်။ ကျွန်မကတော့ ညနေဘက် ရုပ်ရှင်ကောင်းကောင်းကြည့်ပြီး သောက်ရရင် တော်ပြီလို့ တွေးနေမိပါတော့တယ်။ 

ကျွန်မ စိတ်ကူးယဉ်သမျှကိစ္စဟာ လွဲတတ်ပါတယ်။ ညဘက် ရုပ်ရှင်ကောင်းကောင်းကြည့်ရင်း သောက်မယ်။ ပြီးတော့ အိပ်မယ်စိတ်ကူးပေမဲ့ တကယ်တမ်းကျ နေ့လယ်ဘက်ကြီးသောက်ရတာပါ။ ဖြစ်ရပုံက နေလည်း ပူနေလေရဲ့၊ ပြီးတော့ အိမ်မှာ အမေရော အဘောင်မရော (အမေရဲ့အမေ) အဖီးမရော (အမေရဲ့အဘွား) ရှိနေကြပါတယ်။ ပြောရရင် ကျွန်မတို့ညီအစ်မကလွဲလို့ ကျန်သူတွေက အရက်သေစာ ဆန့်ကျင်ကြသူများပါပဲ။ အင်း.. ဒုက္ခ။ 

TVမှာ Fast and furious 6လားမသိ ဖွင့်ထားပါတယ်၊ ညီမတော်က steak လုပ်ပေးတာနဲ့ စားနေကြပါတယ်၊ ဝိုင်က ကလေးအားဆေးအရသာကြီး ရပါတယ် (ဈေးလျှော့ထားတာမို့လို့လားတော့မသိ😆) ကျွန်မလည်း ခေါင်းမူးလာပါတယ်။ အမေက ကျွန်မတို့ ဝိုင်သောက်နေတာ မြင်သွားတော့ "သုရာမေရယဆိုတာ မလုပ်ရဘူး"နဲ့ ပြောပါတယ်။ ကံကောင်းလို့ အကြီးအကျယ် ရန်မဖြစ်ကြပါဘူး။ ဘာလို့လဲဆို ဒီနေ့က ညီမတော်ရဲ့ ၂၀ပြည့်မွေးနေ့မို့လို့ပါ။ 

သောက်ပြီးတဲ့အချိန်မှာ တော်တော် အခက်တွေ့ရမဲ့ ကိစ္စတစ်ခုပေါ်လာပါတယ်။ ကျွန်မက ညနေ ၄နာရီဆို စာသင်ရမှာပါ။ ဒါပေမဲ့ ၃နာရီအထိ အမူးမပြေသေးပါဘူး။ 

သူများတွေ အရက်မူးရင် ဘာလုပ်ကြသလဲ... ကျွန်မ ဦးကြီးကတော့ "စိတ်ပညာတက်နေတဲ့ ငါ့တူမ လာ"ဆိုပြီး ကျွန်မကို ဘေးနားခေါ်ထိုင်ခိုင်း၊ သူငယ်ငယ်က သူ့အမေ (ဘောင်ဘောင်) ရိုက်ပုံတွေ၊ သားအကြီးအနေနဲ့ ဘယ်လောက် ဒုက္ခခံရပုံတွေ ပြောပြီးငိုပါတော့တယ်။ သူ့ရဲ့သား ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုကတော့ အိမ်မှာရှိတဲ့လူကို ပတ်ချွဲပါတယ်။ အခု ကျွန်မကရော ဘာလုပ်နေရတယ် ထင်ပါသလဲ။ ရေသောက်ပြီး မြန်မြန်အမူးပြေပါစေ ဆုတောင်းနေရပါတယ်။ ဪ... ဖြစ်ရလေ🤦🏼‍♀️🤦🏼‍♀️🤦🏼‍♀️ (အစက အရက်မူးရင် လူတွေအကုန်ကြားအောင် သီချင်းတွေ အကျယ်ကြီး အော်ဆိုပစ်မယ် စိတ်ကူးတာပါ။ ဒါပေမဲ့ ကျွန်မအသိစိတ်ကြီးက လုံးဝမလွတ်ဘဲ ခေါင်းထဲမှာ မျက်မှောင်ကြီးကျုံ့ပြီး ထိုင်ကြည့်နေပါတယ်)

နောက်နေ့တွေတော့ ညဘက်အိပ်ခါနီးမှပဲ သောက်ပါတော့တယ်။ နောက်ဆုံးတစ်ခေါက် နေ့လယ်ဘက်ပဲ ဝိုင်သောက်လို့  ခေါင်းမူးလို့ အန်ချင်တာတောင် အမေမိမှာစိုးလို့ ခိုးအန်ရပါသေးတယ်။ အဲဒီကတည်းက ဝိုင်ဆို တော် တန် တိတ်။ အရသာလည်းမကောင်း၊ ခေါင်းကလည်း မူးရသေး (ကျွန်မသူငယ်ချင်းတွေလို ပေါ့ပါးလွတ်လပ်တဲ့ခံစားချက်မျိုး လုံးဝမခံစားရဘူး ဘုရားစူး) နောက် လုံးဝကို မသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲလိုနဲ့ကျန်တဲ့ ပုလင်းအကျန်ကလေးကို တိုနာအဖြစ်နှင့် မျက်နှာပေါ်သို့သာ သုတ်လိမ်းပစ်လိုက်ရပါကြောင်း။

စာကြွင်း။    ။ ရှင်တို့အတွက်ရော အရက်မူးတာက ဘယ်လိုမျိုးလဲ(ကျွန်မအတွက်ကတော့ မျက်စိမှိတ်ပြီး ၁၀ပတ်လောက်ပတ်လိုက်လို့ မူးသလို မူးတာပါ)၊ အရက်သောက်တယ်ဆိုရင် ဘာလို့ သောက်ကြတာလဲ၊ ကိုယ့်အတွက် ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာသလဲ၊ အဲဒါတွေကို ကိုယ်ကြိုက်ရဲ့လား။

Comments