Featured post
- Get link
- X
- Other Apps
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြပြီလား?
ကျွန်မတော့ တနင်္လာနေ့ကပဲ သွားထိုးလိုက်ရပါတယ်။ သွားရပုံကလည်း အဆန်းတပြားပါပဲ (ရိုးရိုးရှင်းရှင်းလေးဆိုရင် ဤဖေကိုယ် မဟုတ်ဘူးသာ မှတ်လိုက်ပါတော့)
အဲဒီ့နေ့က ထူးထူးဆန်းဆန်း နေ့လယ်စာကို ၁၁နာရီကျော်လောက် စားဖြစ်ပါတယ်။ စားလည်း ပြီးရော ရပ်ကွက်ရုံးက ကျက်သရေတုံးက ဖုန်းဆက်ပါလေရော (ရိုင်းတယ်ထင်ရင် ခွင့်လွှတ်ပါ၊ သူ ကျက်သရေတုံးတာကတော့ အမှန်ပါပဲ) "ဆေးထိုးလို့ရပြီ၊ ၄၇ရပ်ကွက် ဓမ္မာရုံကို သွားပါ။ မသွားခင် ရပ်ကွက်ရုံးကို ခဏဝင်ခဲ့ဦးနော်"ဆိုပဲ။
သွားမယ်ဆိုတဲ့အခါ အဘွား ၂ယောက်က ချက်ချင်း သူလိုက်မယ် ငါလိုက်မယ်နဲ့ (အမေဈေးသွားရင် လိုက်မယ် လိုက်မယ် အော်တတ်တဲ့ကလေးတွေလို)လုပ်နေကြပါတယ်။ ကျွန်မလည်း ကားငှားသွားမှာပဲလေ ဆိုပြီး ခေါ်ခဲ့လိုက်ပါတယ်။ ကျွန်မကို အားပေးကူညီဖို့ လိုက်ကြတဲ့ အဘွားကြီး ၂ယောက်စလုံးက အသက် ၇၆နှစ်ကျော်ပါပြီ။ ၁ယောက်က မျက်စိတစ်ဖက် မမြင်၊ ခြေထောက်ကလည်း ထော့နဲ့ထော့နဲ့ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ မျက်စိ၁ဖက်မမြင်၊ နား၂ဖက်လုံး မကြားပါဘူး။ အိမ်ကအမေကတော့ "အဘွားကြီး၂ယောက်ကပဲ ဝိုင်းလို့ စောင့်ရှောက်ကြမလား၊ အဘွားကြီး၂ယောက်ကိုပဲ ပြန်စောင့်ရှောက်လိုက်ရမလား"လို့ရယ်ရင်း ကျန်ရစ်ခဲ့ပါတယ်။
ဒီကာကွယ်ဆေးက တော်တော်ခဲခဲယဉ်းယဉ်း ထိုးရတဲ့ ကာကွယ်ဆေးပါ။ ရပ်ကွက်မှာ ကျွန်မနဲ့ ညီမတော်တို့ သွားလို့ စာရင်းပေးတုန်းက အတူတူဖြစ်ပြီး ထိုးရတော့ ကျွန်မကိုကျော်လို့ ညီမတော်က အရင်ထိုးရပါတယ်။ အဲဒီမှာ ဘာလို့ကျွန်မကို ကျော်ပစ်ခဲ့ရသလဲဆိုတာ ရပ်ကွက်ရုံးကို သွားပြော၊ ဟိုကလည်း "တစ်အိမ်တစ်ယောက် အလှည့်ကျအောင် လုပ်ပေးရတာလေ။ အရမ်းကို အလုပ်ရှုပ်တာ မယုံရင် ညီမ တစ်ရက်လာလုပ်ကြည့်ပါလား"နဲ့ တရားဟောလိုက်လို့ ဆွံ့အပြီး ပြန်လာရပါတယ်။ နောက်မှ အမေ့ဆီက သူပြောသလို "အလှည့်ကျ စာရင်းထည့်"မပေးဘဲ ကာကွယ်ဆေးကို ၂သောင်းနဲ့ ရောင်းစားနေကြောင်း သိရတော့မှ သူဟာလည်း ကျက်သရေတုံးဘွဲ့ကို တရားဝင် ရရှိသွားပါတော့တယ်။ အမေကတောင် ပြောလိုက်သေး "အံမယ်လေး သမီးရယ် ပိုက်ဆံအိတ်ကလေးကို ပုတ်ပြလိုက်ရင် ချက်ချင်းထည့်ပေးလိုက်မဲ့ဟာကို ဘာလို့ မလုပ်ခဲ့တာလဲ"တဲ့။
ကျွန်မက လာဘ်ထိုးရတာကြီးကို အင်မတန်စက်ဆုပ်ပါတယ်။ (ဒီအကြောင်း နောက်မှ သပ်သပ်ပြောပါဦးမယ်) လာဘ်ထိုးရင်တောင် ပြုံးပြလိုက်တာတို့၊ ကိုယ်လုပ်ထားတာလေး ပေးလိုက်တာတို့ပဲ လုပ်ချင်ပါတယ်။ သူလုပ်ရမဲ့အလုပ်ကို လုပ်ဖို့အတွက် (လုပ်ရင် ရမဲ့incentivesတွေလည်း ရှိပြီးသားကို) သပ်သပ်ကြီး ထပ်မပေးချင်ပါဘူး။ အဲဒါ ဖျက်ဆီးရာလည်း ရောက်ပါတယ်၊ ရှက်ဖို့လည်း ကောင်းပါတယ်။
ဒါပေမဲ့ အပူလွန်နေတဲ့အဘွားက ဆေးမထိုးထိုးရအောင် နည်းလမ်းရှာပါတော့တယ်။ အောက်ထပ်က ရပ်ကွက်ရုံးမှာ လုပ်တယ်ဆိုတဲ့သူကိုလည်း ဆေးထိုးရရင် ဘယ်လောက်ပေးရပေးရ ဆိုတာမျိုး သွားပြောပါတယ်။ ဪ... မြေးက လက်နဲ့ရေး အဘွားက ခြေနဲ့ဖျက်။ ဟုတ်တော့နေပါပြီ။ အခုတော့လည်း ကံကောင်းချင်တော့ ပိုက်ဆံမပေးရဘဲ ထိုးရပါတော့မယ်။
ဟိုရောက်တော့ နေ့လယ် ၁၂နာရီကျော် နေကျွတ်ကျွတ်ပူတဲ့အချိန် ဖြစ်ပါတယ်။ မနက်ပိုင်း ဆေးထိုးတာ အခုထိ မပြီးသေးပါဘူး။ နေ့လယ်ပိုင်းအသုတ်က ၁နာရီကျော်မှ စမယ်ဆိုလို့ ကျွန်မလည်း စိတ်ညစ်နေပါတယ်။ ဘေးက ခြေထောက်ကောင်းတဲ့အဘွားကတော့ ရေသောက်ခိုင်းနေပါတယ်၊ နားကြားတဲ့အဘွားကတော့ သူ့ဘေးက ထိုင်တဲ့သူ ဝယ်ထားတဲ့ဆီးသီးကို တောင်းစားနေပါတယ်။ ကျွန်မလည်း တစ်ချောင်းထိုးနဲ့ အိတ်ထိုးရင်း စောင့်နေပါတယ်။
၁နာရီကျော်တော့ ဓမ္မာရုံထဲကို ဝင်ရပါတယ်။ အဲဒီမှာ ဖောင်ဖြည့်ဖို့ တန်းစီရပါတယ်။ တန်းကလည်း ဗမာစတိုင်စီကြတာဆိုတော့ ကြိတ်ကြိတ်တိုးပါပဲ။ သိတယ်မဟုတ်လား ဖြောင့်တန်းနေအောင် ညီညီလေးစီတာမဟုတ်ဘဲ ဂဏန်းလက်မပုံစံ ဝန်းရံထားတာလေ.. မသိရင် စစ်ပွဲကြီးဆင်နွှဲမဲ့ပုံစံနဲ့။ ရုတ်တရက်ဆိုသလိုပဲ ဒီလို ကိုဗစ်ကာကွယ်ဆေးထိုးရာက ပြန်လာပြီး ဖျားရာမှာ အသက်ပါသွားတဲ့ ကျွန်မသူငယ်ချင်းရဲ့ ဦးလေးအကြောင်း တွေးမိနေပါတယ်။ နောက် ဆေးက အမေတို့ထိုးတဲ့ တရုတ်ဆေးမဟုတ်ဘဲ တစ်ခါသာ ထိုးရတဲ့ ရုရှားဆေး (sputnik light)ဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။
အဲဒီမှာ ကျွန်မရဲ့ ပူပန်မှုတွေဟာ အထွတ်အထိပ်ကို ရောက်သွားတော့တာပါပဲ။ "အဲဒီဆေးက ပူတင်းကြီးတောင် အထိုးမခံတဲ့ဆေးဆို" "လူတွေကလည်း အများကြီး ပိုးရှိတဲ့လူပါလာလို့ ကူးရင် ဒုက္ခ" (တကယ်ပါပဲ ဓမ္မာရုံထဲကို လူ၉၀တောင် ထည့်ထားပါတယ်။ အပြင်မထွက်ရအောင် တံခါးကလည်း ပိတ်ထားလိုက်ပါသေးတယ်) အပြင်မှာတော့ မှောင်နေပါတယ်၊ ကျွန်မခေါင်းထဲမှာတော့ (ထုံးစံအတိုင်း) လျှပ်စီးတဖျတ်ဖျတ်လက်လို့ပါ။ လျှပ်စီးလက်သူက ကျွန်မသာရှိတာ မဟုတ်ပါဘူး။ သွေးတိုးရှိတဲ့သူတွေကလည်း ဆေးထိုးလို့ရမရ သွေးပေါင်ချိန်တိုင်းကြည့်ရာကနေ သွေးချည်း တိုးနေကြပြန်ပါတယ်။ သူတို့ကလည်း လူ၂၀ကျော်လောက် သွေးပေါင်ချိန်တာမှာ ၁၅ယောက်လောက်က တိုးနေကြပါတယ်။ အဲဒါကြောင့် ပြန်လွှတ်၊ ကျန်တဲ့သူတွေကို နေရာချနဲ့ ၃နာရီထိုးဖို့ ၁၅မိနစ်ကျမှ ထိုးမဲ့ဆေးကို ဆေးရုံက မှာရပါတယ်။ ဆေးက ခဲထားတာဆိုတော့ ပျော်ဖို့ နာရီဝက်တော့ အနည်းဆုံး စောင့်ရမှာမို့ ကျွန်မတော့ နောက်ကျူရှင်တစ်ခုကို ဖျက်ရပြန်ပါပြီ။ ဟိုအဘွားကြီး၂ယောက်ကိုလည်း မစောင့်ပါနဲ့တော့ဆိုပြီး ပြန်လွှတ်လိုက်ပါပြီ။
ဆေးထိုးတာက မကြာပါဘူး။ သိပ်လည်း မနာပါဘူး။ တကယ်ပြောတာ မျက်နာပေါ်က ဝက်ခြံပေါက်တာကမှ ပိုနာပါသေးတယ်။ ဒါပေမဲ့ နောက်ဆက်တွဲတော့ တော်တော်ခံလိုက်ရပါတယ်။ ညနေ အိမ်ရောက်ပြီး သိပ်မကြာခင် ခေါင်းမူးလာပါတယ်။ မနက်၄နာရီလောက်ကျတော့ ဖျားပါလေရော။ စောင်ခြုံရင်လည်း အိုက်ပါတယ်။ မခြုံရင်လည်း အေးပါတယ်။ ပူစပ်ပူလောင်ကြီးနဲ့ကို အူတွေ တုန်နေပါတယ်။ အပူတိုင်းကြည့်တော့ 100℉ပဲ ရှိပါတယ်။ ဒါပေမဲ့ သေတော့မလိုကို ခံစားနေရတာပါ။ အဲဒီကြားထဲ အေးအေးဆေးဆေး နားမယ် လုပ်လို့မရသေးပါဘူး။ အရင်နေ့က ရွှေ့ထားခဲ့တဲ့ စာသင်ချိန်တွေအတွက် အစားပြန်ဝင်ပေးရပါသေးတယ်။
သူ့ဟာသူ ကျသွားမဲ့အပူကိုပဲ စိတ်အပူလွန်တဲ့ အဘွားက အသိဆရာဝန်ဆီဖုန်းဆက်ပြီး ဆေးပေးခိုင်းပါတယ်။ ဆရာဝန်ကလည်း amoxicillinပေးလိုက်ပါတယ်(ဆေးcapsuleမှာ ရေးထားလို့ သိတာပါ)။ အဲလိုနဲ့ ကျွန်မလည်း ပိုးသတ်ဆေးတွေ သောက်နေရပါတယ်။ ပိုးသတ်ဆေးနဲ့ ကံအကျိုးဆက်ပုံကို နောက်မှ ရေးပြန်ပါဦးမယ်။ အခုတော့ တာ့တာ...
Comments
ဘုရားရေ အဲဒါနေ့က အခက်အခဲတွေ အပြည့်ပဲ၊
ReplyDeleteCat မြန်မြန် နေပြန်ကောင်းပါစေ။
၃ရက်နဲ့ နေပြန်ကောင်းသွားပါပြီ။
Delete