Featured post
- Get link
- X
- Other Apps
blogမရေးတာ တစ်ပတ်လောက်ရှိပါပြီ။ (မနက်ငါးနာရီထတယ်လို့ ရေးပြီးခဲ့ကတည်းက မထတော့တာပါပဲ😂) တခါတလေ ကျွန်မblogကို ဖတ်တဲ့သူမရှိတာကိုကြည့်ပြီး စိတ်ဓာတ်ကျပါတယ်။ ဪ... ဒါပေမဲ့လည်းလေ ဖတ်တဲ့သူမရှိတိုင်း စာမရေးရဘူးလို့ ဘယ်သူဆိုလဲ…
ထားပါတော့။
ဒီနေ့မှာ အိပ်မက်တွေနဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေအကြောင်း ပြောရအောင်လား..
"ကြီးလာရင် ဘာလုပ်မလဲ"
"ကြီးလာရင် ဘာဖြစ်ချင်လဲ"
ဒါတွေကို ငယ်ငယ်တုန်းကရော လတ်တလောကရော အမေးခံရပါတယ်။ အသက်သုံးလေးနှစ်အရွယ် အဖေ့ပေါင်ပေါ်မှာ ထိုင်ပြီးဆော့နေတဲ့အချိန် အိမ်ကို လာလည်တဲ့ ဦးလေး အန်တီ စတဲ့ အမျိုးတွေက မေးကြမယ်၊ တကယ်လို့ "ဆရာဝန်ကြီးလုပ်မှာ" လို့ဖြေရင် "ဟယ်.. ဟုတ်လား ဒါဆို စာတွေအများကြီး လုပ်ရမှာပေါ့" လို့ပြောရင်း ကျေနပ်သလို အပြုံးလေးတွေ ပြုံးလိုက်ကြမယ်။ ဒါမှမဟုတ် ကျောင်းမှာ ဆရာမက မေးမယ်၊ ဆုသွားယူတဲ့အခါ ပညာရေးမှူးတွေ ဘာတွေက မေးမယ်၊ ပညာတော်သင်ဆု လျှောက်တဲ့အခါ အင်တာဗျူးသူတွေက မေးမယ်... အဲဒီ့သူတွေက မေးကြမယ်ပေါ့။
ကျွန်မ ငယ်ငယ်တုန်းကလည်း အမေးခံခဲ့ရဖူးလောက်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဘာတွေပြန်ဖြေခဲ့လဲ မမှတ်မိတော့ဘူး။ ရှင်တို့ မှတ်မိခဲ့ရင်တော့ ဒါလေးတွေကို တစ်ချက်လောက် စဉ်းစားကြည့်စေချင်ပါတယ်..
- ဘာလုပ်မယ် ဖြေခဲ့ဖူးလဲ
- ဘာကြောင့်လဲ (အဲလိုဖြေရင် လူတွေ သဘောကျမယ်လို့ ထင်လို့လား၊ မိဘတွေက သင်ပေးထားလို့လား၊ တကယ်ပဲ ဖြစ်ချင်ခဲ့တာလား)
- သူတို့ကရော ဘယ်လို တုန့်ပြန်သလဲ
- ဘယ်လိုခံစားရလဲ..
ဘယ်လိုပြန်ဖြေမယ်ထင်လဲ…
ရှင်တို့ရော ဘယ်လို ပြန်ဖြေကြမလဲ။ (ဆယ်တန်းဆိုတာ အပြင်လောကအကြောင်း တီးမိခေါက်မိလောက်တော့ သိနေပြီမို့ စူပါမန်းလုပ်မယ်တို့ စပိုင်ဒါမန်းလုပ်မယ်တို့တော့ ဖြေမှာ မဟုတ်လောက်ဘူးလို့တော့ ထင်ရဲ့)
ကျွန်မက ကဗျာဆရာလုပ်မယ်လို့ ပြန်ပြောခဲ့တယ်။ အဘွားက "အဲဒါဆို နင်ဆင်းရဲမှာပေါ့"တဲ့။
နောက် ဘာပြန်ပြောခဲ့လဲတော့ ကျွန်မ မသိတော့ပါဘူး။ ဒါပေမဲ့ လမ်းဘေးမှာပဲ ငတ်သေသေ ကိုယ်လုပ်ချင်တာပဲ လုပ်မယ်ဆိုပြီး တွေးခဲ့တာတော့ မှတ်မိပါသေးတယ်။
ကဗျာဆရာတွေက ဆင်းရဲကြသလား…
ကျွန်မဖတ်ဖူးတဲ့သူတွေကတော့ ဆင်းရဲကြပါတယ်။ ဥပမာပြောရရင် Edgar Allan Poeပေါ့။ သူ့ကိုစသိတာက ကျွန်မ ခြောက်တန်းလောက်မှာပါ။အဲဒီတုန်းက အခန်းတစ်ခန်းတစ်ခန်းရဲ့ အလယ်မှာ ဝမ်းလျားကလေးမှောက်လို့ Annabel Leeကဗျာနဲ့ Poeရဲ့ အချစ်ဇာတ်လမ်းကို ဖတ်ရင်း "ဒီထက်ကောင်းတာ မရှိနိုင်တော့ဘူး" လို့ တွေးနေမိခဲ့တယ် ဆိုပါတော့။ ပြီးတော့ စာမေးပွဲခန်းထဲမှာတောင် ခေါင်းထဲက စာမထွက်ဘဲ ကဗျာတွေ ထွက်နေလို့ မပျောက်သွားရအောင် မေးခွန်းစာရွက်မှာ အသည်းအသန် ချရေးနေခဲ့ရတာကလား..
(မှတ်မှတ်ရရ အဲဒီ့ကဗျာမှာ "အဘွားသေနိုင်"ဆိုတာ တစ်ကြောင်းပါလို့ အဘွားကတောင် "ငါက ဘာဆိုင်လို့ သေရမှာလဲ"ဆိုပြီး ဒေါသတကြီး ပြောခဲ့ပါသေးတယ်😂)
အဲဒါဆို နောက် ၆ နှစ်အကြာ အခုအခါမှာရော ကဗျာဆရာ ဖြစ်ချင်သေးလား...
ဟင့်အင်း... မဖြစ်နိုင်တော့ဘူး ထင်တယ်။ ဘာလို့လဲဆို တက္ကသိုလ်တက်ပြီးတဲ့နောက် ကဗျာဆက်မရေးဖြစ်တော့တာကနေ အခုဆို ဘာက ဘယ်လို စရေးရမှန်းကို မသိတော့တဲ့အခြေအနေ ရောက်နေပါပြီ။ ကိုယ် မရင်းနှီးတော့တဲ့ အရာကို ဖြစ်ချင် လုပ်ချင်ဖို့ကလည်း ရူးမိုက်လွန်းရာ ကျတယ်လေ..
အဲဒါဆို ကျွန်မ ဘာဖြစ်ချင်လဲ...
တလောက မသိတသိတစ်ယောက်နဲ့ စကားပြောဖြစ်ကြရင်း သူက ဒီလိုမေးခွန်းကို မေးပြန်ပါတယ်။
"ကြီးလာရင် ဘာဖြစ်ချင်လဲ"
ခဏတော့ ဆွံ့အသွားပါတယ်။ အရင်တုန်းက ဖြစ်ချင်ခဲ့တဲ့ ကဗျာဆရာ ကိုပဲ ဖြေလိုက်ရမလား.. ကျောင်းတက်တုန်းက အရူးထလိုက်တဲ့ ပြဇာတ်ဒါရိုက်တာ ကိုပဲ ပြောရမလား.. ဒါမှမဟုတ် အခုတလော ပြောဖြစ်နေတဲ့ စာရေးဆရာ ဖြစ်ချင်တယ်ပဲ ပြောလိုက်ရမလား.. ဒါမှမဟုတ် သူတို့ကို ခြုံပြီး အနုပညာသမားဖြစ်ချင်တယ်ပဲ ပြောလိုက်ရမလား.. ဒါမှမဟုတ် ယုတ္တိရှိရှိ neurologistဖြစ်ချင်တယ်ပဲ ပြောရမလား.. အစရှိတဲ့ "မလား"ပေါင်းများစွာက ခေါင်းထဲမှာ လျှပ်စီးလက်သလို တဖျတ်ဖျတ်နဲ့ လင်းလက်သွားပါတယ်။ (ကိုယ့်အတွေးနဲ့ကိုယ် ဓာတ်လိုက်ပြီး မသေတာ ကံကောင်း)
အဲဒီတော့ သူက (Law & Orderထဲက တရားရုံးမှာ တစ်ဖက်ရှေ့နေက Mr. Stoneမေးတဲ့ မေးခွန်းကို ပယ်ချလို့ "I'll rephrase the question" ဆိုပြီး ပြန်ပြောင်းမေးသလိုမျိုး) "နောက်ငါးနှစ်အကြာမှာ ဘာဖြစ်နေမလဲ"ဆိုပြီး မေးခွန်းကို ပြန်ပြောင်းမေးပြန်ပါတယ်။
ဟိုက်! အဲဒါမှ ဒုက္ခပဲ.. ဘာလို့လဲဆို ကျွန်မဖြစ်ချင်တာတွေကို ကျွန်မ မလုပ်ရတာက များတယ်လေ..
အခု ကျွန်မ ၂၂ နှစ်အရောက်မှာ အလုပ်ကလေး အကိုင်ကလေးလည်း ရှိလို့ လစဉ်ဝင်ငွေကလေး ဘာကလေးလည်း ရနေပါပြီ။ ဒါပေမဲ့ ကျွန်မ လုပ်ချင်တဲ့အလုပ်တွေတော့ လုံးဝမဟုတ်ပါဘူး။ ဘာပဲလုပ်ရ လုပ်ရ ငွေရှာနိုင်ရင် ပြီးရောဆိုပြီး လုပ်နေခဲ့ရတော့ ကိုယ်ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲဆိုတာက တော်တော်တောင် ဝေဝါးနေပါပြီ။ အစကတော့ ကိုယ်ဖြစ်ချင်တာ ဖြစ်ရအောင် (နိုင်ငံခြားမှာ ကျောင်းသွားတက်နိုင်အောင်၊ IELTSဖြေနိုင်အောင်၊ ဘာညာ ဘညာ) ဆိုပြီး ရသမျှအလုပ် ဝင်လုပ်နေရင်း မူလပန်းတိုင်က ပျောက်ချင်းမလှပျောက်သွားရတယ် ဆိုပါတော့။
တစ်ချိန်က ကိုယ်ဘာဖြစ်ချင်မှန်း မသိတဲ့သူတွေကို ကျွန်မ ရှုံ့ချခဲ့ဖူးပါတယ်။ အခုတော့ ကျွန်မကိုယ်တိုင် အဲဒီ့နေရာ ရောက်နေပါပြီ။ အခု အဖြေသိချင်နေတဲ့ မေးခွန်းကတော့ "ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြန်ရှာဖွေရမလဲ" ဆိုတာပါပဲ။ အဖြေရှာဖို့တော့ သိပ်ခက်ခဲမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆို ကျွန်မတို့ရဲ့ identityက ကျွန်မတို့နဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာပဲ အခြေပြုနေတာ မဟုတ်ပါလား...
- Get link
- X
- Other Apps
Comments
မင်္ဂလာပါ၊ အမေရိကကနေ Cat blog ဖတ်နေပါတယ်၊ အင်တာနက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာစာကို ရှာတာနဲ့ ဒီ blog ကို တွေ့တယ်၊ (မြန်မာစာ လေ့လာနေလို့) Cat blog ကိုဖတ်ရတာ အရမ်းသဘောကျတယ်၊ ဖတ်လို့တောင် မဝဘူး၊ နောက်လဲများများထပ်ရေးပါဦးနော်၊ အားပေးနေပါတယ်ဗျ။
ReplyDeleteသဘောကျတယ်သိရတာ အရမ်းဝမ်းသာပါတယ်။ ကျေးဇူးပါ
Deleteအသက်၃၃မှာမှ တကယ်ဖြစ်ချင်တာ လုပ်ချင်တာကို တွေ့လာလို့ စပြီးကြိုးစားနေတယ် ဘယ်လောက်ထိဖြစ်လာမလဲ မသေချာပေမယ့် လုပ်ချင်တာကို လုပ်နေရတဲ့ခံစားချက်ကတော့ တကယ်ကိုကောင်းတယ်
ReplyDeleteစိတ်ဝင်စားရာကို လုပ်နိုင်တယ်ဆိုတာ တကယ်ကံကောင်းတာပါပဲ
Delete