Featured post

I'm so happy that I have ears to listen to music

 အခု blog ပြန်ရေးမယ် စိတ်ကူးတော့ YouTube ကို အရင်သွားပြီး သီချင်းရွေးပါတယ်။ သီချင်းကောင်းကောင်းနားထောင်လို့ရတာဆိုလို့ ဒီလို လူတွေ အိပ်နေကြတဲ့အချိန်ပဲ ရှိတာ မဟုတ်လား။ သူများတွေတော့ မသိဘူး။ ကျွန်မတို့အိမ်က အလွန်ဆူညံတယ်။ မနက်၅နာရီလောက်မှာ ဖီးဖီးက အိပ်ရာက နိုးတယ်။ အဲဒီအချိန်ကနေ 

"ဝမ်းဆာပါရေ မေမေ၊ ဘာစားစရာ ရှိလဲ။ ငါ မချိယာ။ အမိရေလေး" အစရှိသဖြင့် အော်မြည်ပါတယ်။ အဲဒီအသံနောက်ကနေ လိုက်လာတာကတော့ 

"ကျွီးဖို့ စားရဖို့ အသုပ်ဟိရေ အိုဗာတင် သောက်ရဖို့" ဆိုတဲ့ ဘောင်ဘောင်ရဲ့အော်သံပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အမေရဲ့ သမ်းတဲ့အသံ ထွက်လာမယ်။ နောက် သူတို့ ပွစိပွစိ စကားများကြမယ်။ အဲဒီနောက် အသေးစား ရန်ပွဲကလေး ဖြစ်ချင်ဖြစ်မယ်၊ နောက် ညီမတော် နိုးလာတဲ့အခါ အိမ်သာလုကြမယ်။ 

" ဪ... ငါသာ အိမ်ဝယ်ရင်တော့ အိမ်သာ ၂လုံးပါတဲ့အိမ်ကို ဝယ်မယ်"ဆိုတဲ့ ကျွန်မရဲ့အသံကိုလည်း ကြားရပါလိမ့်မယ်😆။ 

အဲဒီတော့ အေးအေးဆေးဆေးနဲ့ သီချင်းသံကို ကောင်းကောင်းကြားရတဲ့အချိန်က အဘွားကြီး မနိုးသေးခင် မနက်စောစော ဒီအချိန်ကလေးပဲ ရှိပါတယ်။ 

အဲဒီ့အချိန်မှာ တွေးနေမိပါတယ်။ "ငါ့မှာ သီချင်းနားထောင်နိုင်တဲ့ နားရွက်လေးတွေရှိတာ အရမ်းကောင်းတာပဲ" 

ဒါပေမဲ့လည်း စာရေးရင်းနားထောင်ရတော့ စာရေးရတာလည်းကြာပြီး သီချင်းကိုလည်း ကောင်းကောင်း မခံစားနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မကြားနိုင်တာထက်တော့ တော်ပါသေးတယ်။ ဘဝဟာ စိတ်ပျက်စရာကောင်းရတဲ့အထဲ ဒါကလေးမှ မကြားနိုင်ဘူးဆိုရင်တော့ ကျွန်မဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနဲ့ သနားစရာအကောင်းဆုံးလူသား ဖြစ်သွားပါလိမ့်မယ်။

"အမလေး ဘာလို့ ဒီလောက်တောင် ညည်းချင်း ချနေရသလဲ"

ကျွန်မအခြေအနေက နည်းနည်း ဆိုးရွားတဲ့အထဲ ပါပါတယ်။ အင်း... စာရင်းချကြည့်ကြပါစို့

  • မြန်မာနိုင်ငံမှာ နေ‌နေရတယ်
  • အိမ်က ဟိုဟိုဒီဒီ အချက်အခြာနေရာတွေနဲ့ ဝေးတယ်
  • အိမ်ခန်းကျဉ်းတော့ ကိုယ်ပိုင်အခန်းမရှိဘူး
  • အိမ်မှာ ပျက်နေတာ တစ်နေရာ နှစ်နေရာမဟုတ်
  • အလုပ်ကောင်းကောင်းလုပ်လို့မရ
  • အိမ်တွင်းမိသားစုများ အစေးကပ်မှုမရှိ (နေ့တိုင်းလိုလို ရန်ဖြစ်တယ်)
  • အိမ်မှာ ကြွက်တွေရှိတယ်
  • အသက်ရှင်ဖို့ အဓိကလိုအပ်ချက်ဖြစ်တဲ့ မီးနဲ့ရေက မမှန်ဘူး
  • အိမ်ကလူတွေက ရှေးရိုးဆန်တယ်
ဒါတွေ ဒီလိုတွေ ရှိပေမဲ့လည်း မနက်ခင်းလေး ဒီလို စာရေးနေပြီး သီချင်းလေး နားထောင်နေရပြီဆို (ဪ... ကျွန်မမှာ နားကြပ်အသစ်လည်း ရထားပါသေးတယ်) ကိုယ့်တစ်ယောက်တည်း တစ်ကမ္ဘာဖြစ်သွားပြီး အရမ်းအေးချမ်းပါတယ်။ ဘာပဲဖြစ်ဖြစ် 

"When you're happy like a fool

let it take you over

when everything is out

you gotta take it in"

သီချင်းစာသားထဲကလို ပျော်နေရင် စိတ်ညစ်စရာတွေ မတွေးပါနဲ့။ အပြည့်အဝသာ ပျော်လိုက်ပါ။ အချိန်တိုင်း စိတ်ညစ်နေရတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း သနားလိုက်ဦးလေ။ ဟုတ်ပြီလား... 

(Fun fact: ဒီသီချင်းထည့်ဖို့ဆိုပြီး နားထောင်နေတာပါ။ ဒါပေမဲ့ သီချင်းထည့်ဖို့လုပ်လိုက် စာပြင်လိုက် နောက်သီချင်းကျော်သွားရင် ပြန်ရွှေ့လိုက်နဲ့ပဲ နားထောင်နေတာ ၅ခေါက်လောက် ရှိပါပြီ😂)

Comments