ဒီခေါင်းစဉ်ကို အရင်တစ်ခေါက် ရေးဖူးလား မရေးဖူးဘူးလားဆိုတာ ကျွန်မ မသိတော့ပါဘူး။ ရေးဖူးပေမဲ့ အခုထပ်ရေးမိရင် ခွင့်လွှတ်ပါ။ ဒီတစ်ခေါက်တော့ အရင်ကဟာနဲ့ themeမတူတာကိုတော့ အာမခံပါတယ်။ 😁
သတ္တုတွေကို ဆွဲငင်တဲ့အရာကို သံလိုက်ဓာတ်လို့ခေါ်ပြီး သက်ရှိတွေကို ဆွဲငင်တတ်တဲ့အရာကို အချစ်လို့ခေါ်ပါတယ် (အယ်လယ်🤣) ကျောင်းတုန်းက စာစီစာကုံးရေးသလို ဆက်ရေးရမယ်ဆိုရင်တော့ ထို့ကြောင့် သက်ရှိကလေးတစ်ဦးဖြစ်တဲ့ ကျွန်မဟာလည်း ဤစက်ကွင်းနဲ့ မလွတ်ကင်းသဖြင့် အဆွဲအငင်ခံနေရပါသည်ပေါ့။
လေးတန်းတုန်းက သိပ္ပံလက်တွေ့စမ်းသပ်ချက်မှာတော့ သူ့ဟာသူ နေတဲ့ သံမှုန်သံစကလေးတွေကို သံလိုက်ရှိတဲ့ကတ်ထူပြားပေါ်တင်ပြီး လက်နဲ့ တောက်ပေးလိုက်တာ ဟော… သူတို့တွေ စုပေါင်းလို့ စက်ကွင်းပုံကြီး ပေါ်လာပါလေရောလား။ အဲလိုပဲ ကိုယ့်ဟာကိုယ် သီးသန့်လေး နေတတ်တဲ့ ကျွန်မကို အဲဒီ့တစ်စုံတစ်ယောက်ရှိတဲ့ ပတ်ဝန်းကျင်မှာ ထားပြီး ကတ်ထူကို လက်ကလေးနဲ့တောက်သလို ထိတွေ့ဆက်ဆံ (social interactionကိုပြောတာ၊ မဟုတ်တာ မတွေးရ🧏🏼♀️) ခိုင်းလိုက်တာ အရင်တုန်းက တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်တွေ လုပ်မိလျက်သား ဖြစ်နေပါရောလား။
ကျွန်မ ဘာတွေများ လုပ်မိလို့လဲ ကြည့်ကြည့်ရအောင်. . .
လူတွေကို ထိုင်ကြည့်တယ်
အဲဒီတုန်းက ၈တန်းပါ။ သူက အရပ်လည်း ရှည်ပါတယ်၊ ပြီးတော့ မျက်လုံးလေးတွေကလည်း အညိုနုရောင်ကလေးနဲ့ နေရောင်အောက်မှာ အရမ်းလှပါတယ်။ (သီချင်းထဲကလိုဆိုရင်တော့ He's so tall and handsome as hell! ပေါ့။ ပြီးတော့ စကားပြောရင် ရှမ်းသံကလေး ခပ်ဝဲဝဲလည်း ထွက်ပါသေးတယ်) ကျွန်မက ဘဲကတုံးကလေးဆိုတော့ ပြန်မကြိုက်မှာက သေချာသလောက်ပါပဲ (အခြေအနေက သူ playboyလုပ်ပြီး ထားပစ်ခဲ့မယ့် လူစာရင်းထဲမှာတောင် ကျွန်မက ပါမှာ မဟုတ်ပါဘူး အဲလောက် မျှော်လင့်ချက်မဲ့တာပါ)။ အဲဒီကစ "ကြည့်နေရရင် ကျေနပ်ပါပြီ" ဆိုတဲ့ဘဝရောက်ပြီး ထမင်းစားဆင်းချိန်၊ မုန့်စားဆင်းချိန်တွေမှာ သူ့ကို ထိုင်ငေးပါတယ်။ သူ ဘောလုံးကန်နေတာ ဒါမှမဟုတ် ဆော်တပွေရှေ့မှာ ရှိုးလျှောက်ပြီး ပြန်လာတာ၊ နောက် မုန့်ဈေးတန်းမှာ သူ့ရည်းစားနဲ့ ချိန်းတွေ့တာ ဒါတွေကို အခန်းရှေ့က ကော်ရစ်ဒါမှာ ရပ်ရပ်ပြီး ကြည့်ရပါတယ်။ အဲဒီကစလို့ ထွေထွေထူးထူး လုပ်စရာမရှိရင် လူတွေကို ငြိမ်ငြိမ်လေးထိုင်ပြီး ကြည့်ရတဲ့အကျင့် စွဲသွားတော့တာပါပဲ။
သင်္ချာတွက်တယ်
ဒီတစ်ယောက်ကတော့ ၁၀တန်းတုန်းကပါ။ ကျွန်မက ဖိအားအောက်မှာ စာလုပ်ရတာကို အင်မတန် မကြိုက်ပါဘူး။ (စာမှမဟုတ် ဘာလုပ်လုပ်ကို မကြိုက်တာ။ တကယ်လို့ ကျွန်မသာ အလုပ်အင်တာဗျူးဖြေလို့ မေးသူက "ဖိအားအောက်မှာ ဘယ်လိုအလုပ်လုပ်သလဲ" လို့ မေးတယ်ဆိုပါစို့။ အဲဒါဆို ကျွန်မက ဒီလို ပြန်ဖြေလောက်တယ် "ကျွန်မကို ဖိအားလာပေးရင် အဲဒီ့ဖိအားကို ပေးတဲ့လူဆီ ပြန်ပေးလိုက်မှာ ကျွန်မက ဖိအားအောက်မှာ အလုပ်မလုပ်တတ်ဘူး ကျွန်မ အလုပ်လုပ်ရမယ့်ဖိအားကို ကိုယ့်ဘာကိုယ် ချမှတ်တယ် အာကာသယာဉ်မှူးတွေက သူများဂြိုဟ်က ဖိအားအောက်မှာ မနေဘဲ ကိုယ်ပိုင် အာကာသဝတ်စုံထဲမှာ နေကြသလိုပေါ့" အလုပ်ရမရတော့ မပြောတတ်ပါဘူး။ ဘာလို့လဲဆို ဒီလိုမေးခွန်းမျိုးမှ အမေးမခံရဖူးဘဲ😆) သိတဲ့အတိုင်း ၁၀တန်းဆိုတာ ကျောင်းကလည်းဖိ၊ ကျူရှင်ကလည်းဖိ၊ အိမ်ကလည်းဖိနဲ့ အဖိနှိပ်ခံဘဝကြီး ဖြစ်ပါတယ်။ အရင်ကမှ စာမလုပ်ချင်တဲ့ကျွန်မဟာ ၁၀တန်းရောက်တော့ ပိုဆိုးတာပေါ့။ ဖြစ်ချင်တော့ သူက အတန်းထဲမှာ စာအတော်ဆုံးပါပဲ။ အဲဒီတော့ သူနဲ့ ထိတွေ့ဆက်ဆံရဖို့အရေး သင်္ချာတွေ ကုန်းတွက်ရတော့တာပေါ့။ ပြီးရင် သူ့ကို သွားပြ "ငါတွက်တာ မှန်လား"ပေါ့။ နောက်တော့ "နင်က ဘာလို့ ငါ့ကိုပဲ လာမေးနေရတာလဲ"ဆိုပြီး ဟောက်ထုတ်ပါတယ်။ အဲဒီကတည်းကစပြီး သူ့ကို စကားမပြောတော့ပါဘူး။ (နောက်မှသိလိုက်ရတာက သူ့မှာ ကြိုက်နေတဲ့ ကောင်မလေးရှိတယ်တဲ့။ အဲဒါက သူ့လိုပဲ စာတော်တဲ့ကောင်မလေးပေါ့။ စာညံ့တဲ့ ကျွန်မအတွက် မျက်ရည်၂စက် တောက်တောက်😪😪) ဒါပေမဲ့လည်း အခုတော့ သင်္ချာတွက်ရတာ ပျော်နေပါပြီ။ (ပြီးတော့ ဒီလိုလည်း တွေးလိုက်ပါသေးတယ်။ "ဪ... ငါ ဘာလို့များ ဘာမဟုတ်တဲ့ သင်္ချာကို ကြောက်နေခဲ့ရသလဲ" ပေါ့)
ညလုံးပေါက် စာလုပ်တယ်
၁၀တန်းအောင်လို့ တက္ကသိုလ်ရောက်လာပါပြီ။ ကျွန်မက အလွန်အပျင်းကြီးပါတယ်။ အရမ်းလည်း အအိပ်မက်ပါတယ်။ မိတ်ကပ်လိမ်းပြင်ဆင်နေမဲ့အစား အိပ်ပဲအိပ်မှာပေါ့ဆိုပြီး ကျောင်းကို ခေါင်းလည်းမဖြီး၊ မျက်နှာပြောင်နဲ့ နှုတ်ခမ်းနီတစ်ခုပဲ ဆိုးပြီး သွားပါတယ်(ကျောင်းကလူတွေကတော့ မျက်လုံးပြူးပြီး ကြည့်ကြပါတယ်။ ကျွန်မကတော့ ဂရုမစိုက်ပါဘူး😂)။ စာကတော့ ဘာဖိအားမှ မရှိတဲ့အတွက် စိတ်ကြိုက်လုပ်နေပါပြီ။ သူကတော့ အလွန် စာညံ့ပါတယ်။ မလုပ်တာလို့ဘဲ ပြောရမလား။ သူ့ရဲ့ ရှိသမျှသော အချိန်ကို ကျောင်းက ကန်တင်းမှာ အချိန်ကုန်ပါတယ်။ အဲဒီတော့ presentation လုပ်ဖို့ အဖွဲ့သားတွေရွေးရင် သူ့ကို ဘယ်သူမှ မခေါ်ချင်ကြပါဘူး။ အဲဒီတော့ ကျွန်မကပဲ သဘောထားကြီးချင်ဟန်ဆောင်ပြီး "အဲဒါဆို သူ့ကို ငါပဲ ယူလိုက်ပါမယ်ဟယ်။ ငါ့အဖွဲ့ထဲ ထည့်လိုက်" ဆိုပြီးပြောရတော့တာပေါ့။ ပြီးတော့ ကျန်တဲ့သူတွေကိုလည်း "သူရောက်လာလို့ စိတ်မပူကြနဲ့။ သူ့အပိုင်းကို ငါလုပ်မယ်" ဆိုပြီး အာမခံရပါသေးတယ်။ အဲလိုနဲ့ ကိုယ့်အပိုင်းရော သူ့အပိုင်းရော တခြားသူတွေအပိုင်းရော (presentation slideတွေကို ကျွန်မပဲ ဒိုင်ခံရိုက်တာ များပါတယ်။ ဘာလို့လဲဆို အဲဒီတုန်းက ကျွန်မက "နောက်ကွယ်က ဒါရိုက်တာ"ဆိုတဲ့roleကို တမ်းတမ်းစွဲဖြစ်နေလို့ ဖြစ်ပါတယ်) စာထိုင်ရိုက်၊ နောက် ညဉ့်နက်သန်းခေါင်ဆို သူonlineဖြစ်လာရင် သူနဲ့ စကားပြောရင် တစ်ညလုံး မအိပ်လိုက်ရပဲ ဖြစ်သွားပါလေရောလား။ ဒါပေမဲ့ နောက်နေ့မနက်ရောက်တဲ့အခါ ကျွန်မဟာ အိပ်ချင်မနေခဲ့ပါဘူး။ နောက် ကိုယ်က ကိုယ့်အပိုင်းရော သူ့အပိုင်းပါ ပြောရလို့ အသံတွေနာနေလည်း ပြုံးပြုံးလေး ဖြစ်နေရောပဲ။ (ကိုယ်က ဘယ်လောက်လုပ်ပေးပေး သူကတော့ တခြား ရည်းစားသာ ၂ယောက်၃ယောက်ပြောင်းသွားမယ် ကျွန်မကို ပြန်မကြိုက်ပါဘူး) အဲဒီလောက်ကစ လူတွေအိပ်တဲ့ ညဘက်ကို ကျွန်မ ပိုပြီး သဘောကျလာပါတယ်။
ဖုန်းခေါ်ပြီး စကားပြောတယ်
ဒီအခါကျ အာဏာသိမ်းပြီးတဲ့အချိန် ဖြစ်သွားပါပြီ။ ကျွန်မက introvert ဆိုတာထက် shyဖြစ်တယ်ဆို ပိုမှန်မလားမသိ(ဒါမှမဟုတ် social anxietyရှိနေတာလည်း ဖြစ်နိုင်ပါတယ်)။ ကျွန်မလည်း မပြောတတ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်မက ဖုန်းပြောရမှာ အလွန်ကြောက်ပါတယ်။ လူတစ်ယောက်ကို စစချင်း ဖုန်းခေါ်မယ်ဆို အသက်ကို ၂ခါ ၃ခါလောက် ရှူသွင်းရှူထုတ်လုပ်၊ it's okay it's okay it's okayကို ထပ်ကာထပ်ကာရွတ်၊ သက်ပြင်းအရှည်ကြီး ချပြီးခါမှ ဖုန်းကို ခေါ်ပါတယ်။ (ဒါတောင် ဖုန်းမကိုင်ပါစေနဲ့ ဆုတောင်းတာတို့ သူ စိတ်တိုနေတဲ့အချိန်နဲ့ တိုးမနေပါစေနဲ့တို့ မပါသေးဘူးနော်) နောက်ပိုင်းတော့ အပြင်မှာ ကိုယ်သိတဲ့သူတွေနဲ့ ဖုန်းခေါ်ရတာကို သက်တောင့်သက်တာ ဖြစ်လာပါတယ်။ ဒါပေမဲ့ onlineပေါ်က တွေ့တဲ့သူတွေနဲ့ တစ်ခါမှ ဖုန်းမပြောဖူးပါဘူး။ ဘာလို့လဲဆို ဖုန်းနံပါတ်ပေးလိုက်ရင် အလွဲသုံးစားလုပ်သွားမှာကြောက်တာ၊ နောက် အိမ်က "နင် ဘယ်သူနဲ့ ပြောနေတာလဲ ရည်းစားရနေပလား" ဘာညာ ပေါက်ကရ လျှောက်မေးတာ ဖြေရမှာ စိုးတာ၊ နောက် ဘာပြန်ပြောရမှန်းမသိမှာ ကြောက်တာတွေကြောင့်ပါ(နောက် ကျွန်မအသံက နားထောင်မကောင်းမှာ စိုးရိမ်တာကြောင့်လည်း ပါပါတယ်)။ ဘာပဲဖြစ်ဖြစ် အဲဒီတစ်ယောက်ကိုတော့ အရမ်းကြိုက်ပါတယ်။ အဲဒါကြောင့် သူက "ငါတို့ ဖုန်းပြောကြမလား"လို့ ပြောတဲ့အခါ အချိန်မဆိုင်းဘဲ ဖုန်းခေါ်ကြပါတယ်။ ဒါပေမဲ့လည်း သူက ကျွန်မကို သရဲခြောက်သွားပါတယ်။ ဟောဒီဆရာမက ပရိတ်ပဋ္ဌာန်းများ ရွတ်ပြီး အမျှဝေလိုက်လို့ ကျွတ်လွတ်သွားသလားပေါ့လေ. . .🤷🏼♀️ဪ... သူနဲ့တွေ့ပြီးနောက်တော့ ဖုန်းပြောရတာ သိပ်မကြောက်တော့ဘူးလို့ပဲ ပြောရမလား.. ပြီးတော့ Ed Sheeranကိုလည်း နည်းနည်းပိုကြိုက်လာသလိုပါပဲ။
workoutလုပ်တာ
ဒါကတော့ စောစောကတစ်ယောက်ပြီးတော့ အခု လက်ရှိ(12/Nov/21)ဆိုပါစို့။ အရင်တစ်ယောက်လောက်ကတည်းက ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် တားထားတဲ့ အတားအဆီးတွေကို တစ်ခုချင်းစီ ဖြုတ်ချပစ်ဖို့ ဆုံးဖြတ်ထားပါတယ်။ (ပြီးတော့ ပိုပြီး လွတ်လွတ်လပ်လပ်နဲ့ အင်း.. သာမန်လူတစ်ယောက်လို ပျော်ပျော်ရွှင်ရွှင်လေး နေမယ်ပေါ့) အဲဒါကြောင့် ဒီတစ်ယောက်နဲ့တွေ့တဲ့အချိန် ပြောင်းလဲမယ့်အရာတွေက ၁ခု ၂ခု မက ရှိပါတယ်။
သူက ကျွန်မထက် ၅နှစ်လောက် ကြီးပါတယ်။ ပြီးတော့ ကျွန်မ သဘောကျတဲ့ အရည်အချင်းတွေ ရှိပါတယ်။ ဥပမာ- ကိုယ့်ဟင်းကိုယ် ချက်စားတာမျိုး (ကျွန်မက ထချက်မဲ့အစား အငတ်ပဲ ခံမဲ့သူပါ၊ တကယ်လို့ တစ်ယောက်တည်းနေရင် ဆန်ပြုတ်စားမယ်ဆိုပြီး ကြွေးကြော်ထားပါတယ်)၊ အင်္ဂလိပ်စာကောင်းတာမျိုး (ကျွန်မက ဆယ်တန်းပြီးကတည်းက upper intermediate၊ အခုထိလည်း အဲဒီကနေ အဆင့်မတက်နိုင်သေးပါဘူး)။ သူက အကြီးတစ်ယောက်အနေနဲ့ ဒီလိုတွေ အကြံပေးပါတယ်။ "နင် သင်တန်းတွေ တက်သင့်တယ်။ ငါဆို လမ်းအများကြီးလျှောက်တယ် နင်လည်း gymသွားသင့်တယ်။ ငါသုံးတဲ့ skincareတွေကို ကြည့်လိုက်စမ်း နင်လည်း စကင်ကဲသင့်တယ်" ဒီလိုပေါ့။ (သူသာ ဒါတွေကို မြင်ရင် "ဟဲ့ ငါ့ကို ဘယ်လိုပုံစံကြီးဖြစ်အောင် ရေးထားပြန်တာတုံး"လို့ ဆိုပြန်ပါဦးမယ်။ ဒါပေမဲ့လည်း သိနေပါတယ်။ သူ ဒါကို လုံးဝဖတ်မှာ မဟုတ်ပါဘူး)
သူ့ကိုလည်း စိတ်မကောင်းစွာနဲ့ပဲ အဲ.. တာ့တာ လုပ်ရပါတော့မယ်။ (သူ့မှာ ကြိုက်နေတဲ့သူ ရှိသတဲ့။ ဝတ္ထုဆန်ဆန်ပြောရမယ်ဆိုရင်တော့ အဲဒါကို သိလိုက်ရတဲ့ ညနေက ကျွန်မ ရယ်ရယ်မောမောနဲ့ workoutထိုင်လုပ်နေခဲ့ပါတယ်။ အယ်လယ်) ဘာပဲဖြစ်ဖြစ် အခုတလော လုပ်ဖြစ်နေတဲ့ အကျင့်ကောင်းလေးတွေကတော့
- မနက် ငါးနာရီထတယ် (alarmကတော့ ပုံမှန်ပေးထားပါတယ်။ အရင်ကတော့ ပိတ်ပြီး ပြန်အိပ်ပါတယ်။ အခုတော့ နေ့တိုင်းနီးပါး ထပြီး လုပ်စရာရှိတာ လုပ်ပါတယ်)
- blog ပုံမှန်ရေးတယ် (publish မလုပ်ဖြစ်တာပဲ ရှိတာပါ။ ကျွန်မ နေ့တိုင်းရေးပါတယ်)
- လူတွေနဲ့စကားပြောရင် စဉ်းစားပြီးမှ ပြောတယ်
- သူများက ကိုယ့်အတွက်လုပ်ပေးတာ (ဥပမာ.. ကိုယ့်ဟင်းပွဲကို ပိုက်ဆံရှင်းသွားတာမျိုး)ကို နည်းနည်းလေး လက်ခံတတ်လာတယ် (ကျွန်မနဲ့ ပတ်သတ်သမျှကို တခြားသူတွေ လုပ်ပေးတာ မကြိုက်ပါဘူး။ ဘာလို့လဲဆို အကြွေးတင်မှာ စိုးလို့ပါ။ ကျေးဇူးကြွေးဆိုတာ သိတဲ့အတိုင်း အလွန်ဆပ်ရခက်ပြီး တခါတလေကျရင် ကျွန်မတို့ကို တုပ်နှောင်တဲ့ကြိုးတွေ ဖြစ်လာတတ်ကြတာကလား)
ဒါတွေကတော့ အခုလက်ရှိအထိ တွေ့ခဲ့ဖူးသမျှပါပဲ(ကျွန်မဘက်က မကြိုက်တဲ့သူတွေတော့ မပါဘူးပေါ့လေ)။ အဓိကသိစေချင်တာက ဆယ်ကျော်သက် ပေါက်စလေးဘဝကနေ အခုအခြေအနေရောက်တဲ့အထိ ဘယ်နည်းဘယ်ပုံ ရင့်ကျက်ကြီးပြင်းလာသလဲဆိုတာကိုပေါ့။ လူတစ်ယောက်နဲ့တွေ့တယ်၊ သူနဲ့ အတွေးအခေါ်တွေ ဖလှယ်ကြတယ်၊ နောက် တာ့တာလုပ်သွားရတယ်၊ ကိုယ့်ဆီမှာ interactionရဲ့ ရလဒ်အဖြစ် တစ်စုံတစ်ခု ကျန်ခဲ့တယ်။ ရှင်တို့ရော ဘယ်လိုတွေ သတိထားမိကြလဲ။ ဘာတွေကျန်ခဲ့သလဲ စဉ်းစားမိကြလား။ (ဒီလို ကိုယ့်ရဲ့ love interestတင်မဟုတ်ဘဲ သူငယ်ချင်း၊ မိတ်ဆွေ၊ အသိအကျွမ်းဆိုလည်း ရပါတယ်) အဖြေတွေကို ဒီအောက်မှာ ဒါမှမဟုတ် ကိုယ့်စာအုပ်မှာ ချရေးနိုင်ပါတယ်။
စာကြွင်း။ သေချာပါတယ်။ နောက်တစ်ယောက်လောက်တွေ့ပြီးရင်တော့ ကျွန်မက သူတို့ခေါ်လေ့ရှိတဲ့ smart womanဖြစ်လာတော့မှာ🤣။
၄.၁၀.၂၃ update
"နောက်တစ်ယောက်" ဆိုတာ အခုတွေ့နေတဲ့တစ်ယောက် ဖြစ်မယ်ထင်ပါတယ် 😂😂
Comments
Post a Comment