Featured post

ဇွန်လတွင် လုပ်ရမည့် အလုပ်များ

 ကျွန်မ အခု ခါးသားရေကြိုး မတော်တော့တဲ့ ဘောင်းဘီကို ပြင်ဖို့ အပ်ချည်တွေ ထိုင်ဖြုတ်နေပါတယ်။ အဲလိုနဲ့ ကျွန်မ စဉ်းစားနေပါတယ်။ အချိန်ဇယားတစ်ခုနဲ့ အလုပ်လုပ်ရမယ်ဆိုတာပါပဲ။ တစ်ခုတော့ ရှိပါတယ်။ အဲဒီအချိန်ဇယားကို လိုက်နာမှ ဖြစ်ပါမယ်။

ဆယ်တန်းလောက်ကတည်းက ကျွန်မ အချိန်ဇယားအမျိုးမျိုးဆွဲပါတယ်။ ဒါပေမဲ့ အဲဒီအတိုင်း လိုက်လုပ်တာက ရှားပါတယ် 😁။ 

ကျွန်မဟာ အထိန်းအချုပ်ခံရတာကို တော်တော်စက်ဆုပ်ပါတယ်။ အရင်ကတည်းက အမေက ဟိုဟာလုပ်လို့ပြောရင် ဒီဟာကို လုပ်ပါတယ်။ ဒီဟာလုပ်လို့ပြောရင် ဟိုဟာကို လုပ်ပါတယ်။ ဘာလို့လဲဆို သူများပြောတဲ့အတိုင်း မလုပ်ချင်လို့ပါ။ ကဲ... အဲဒီတော့ ကိုယ်ပြောတဲ့အတိုင်းရော လုပ်ချင်လားဆိုတော့ အဲလိုလည်း မဟုတ်ပါဘူး 🙂။  ကျွန်မက ဘယ်လိုလဲဆို Alexander the Great လို "စိတ်ကူးပေါ်သဖြင့် ထလုပ်တော်မူသည်" အဲ... ဒီအတိုင်းတော့ မဟုတ် 😅😅။ ဆရာသန်းထွန်းရေးတဲ့ ခေတ်ဟောင်းရာဇဝင်မှာ အဲဒီစာကြောင်းလေးပါပါတယ်။ အဲဒီ့အတိုင်းပါပဲ 😁😁။ ကျွန်မ သိပါတယ်၊ အဲဒီ့အကျင့်ဟာ တော်တော်ကလေးဆန်ပြီး မကောင်းပါဘူး။ အဲဒါကြောင့် အခု အသက်၂၁နှစ်ပြည့်အမီ ကြိုးစားပြင်နေပါတယ်။

ကဲ... အဲဒီတော့ ဇွန်လမှာ ဘာတွေပြီးအောင်လုပ်ရမလဲဆိုတာ ကြည့်ရအောင်လား...

  • ပစ်ထားတဲ့ သင်တန်းတွေ ပြန်တက်မည် (access ရသေးရင်ပေါ့လေ..)
  • ကလေးတွေအတွက် သင်ခန်းစာ ပြင်ဆင်ရန် (မေတစ်လလုံး စာလည်းမဖတ် lesson planတွေလည်း မရေးဘဲ ပြီးစလွယ် သင်နေပါတယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်မကျေဘူးလို့ ခံစားရနေပါတယ်)
  • အင်္ကျီချုပ်ရန် (အမေနဲ့ ကျွန်မတို့ အင်္ကျီချုပ်ခ သက်သာအောင် ကိုယ့်အိမ်မှာ စက်လည်းရှိနေတဲ့အတူတူ အိမ်နေရင်း အင်္ကျီဖြစ်ဖြစ် စမ်းချုပ်ကြည့်ကြမယ််ပေါ့ အမလေး ယောက်ျားလေးတွေအတွက်တော့ မသိ မိန်းမတွေအတွက်ကတော့ လူစဉ်မီအောင် အင်္ကျီချုပ်ရတာ တော်တော်ပိုက်ဆံကုန်ပါတယ်)
  • လေ့ကျင့်ခန်းလုပ်ရန် (ဘယ်မှလည်းမသွားရဘဲ ဘုံငါးဆင့်ပေါ်မှာပဲ ပိတ်မိနေတော့ အရင်ကတည်းက gym လည်းမသွား အားကစားလည်း မလုပ်တဲ့ ကျွန်မတောင် အချိန်ကြာလာတော့ အညောင်းမိလာပါတယ်။ အဲဒီတော့ လေ့ကျင့်ခန်းလုပ်ရမယ်)
  • ဘုရားရှိခိုးရန် (ငယ်ငယ်တုန်းက တရားထိုင်၊ သီလရှင်တွေဝတ်၊ တရားစခန်းတွေ ဝင်သလောက် အခုတော့ ဣတိပိတော ရွတ်ဖို့တောင် ကိုယ့်ကိုယ်ကိုယ် မနည်းဆွဲဆောင်နေရပါတယ် အမလေး..)
  • အပေါ်ကအချက်တွေ အားလုံးကို လိုက်နာရန် ( မလုပ်လို့ကတော့ အလကားပဲလေ နော...)

Comments