Featured post

မစိတ်တိုရဲ့ စိုက်ခင်း

 ဪ... မေ့လို့ မနေ့က အလွဲတွေမှာ အပင်လေးတွေ သေသွားတာ မပါလိုက်ရပါဘူး 🥀🥀 ။ ဒီနှစ်အစပိုင်းကစလို့ အပင်ကလေးတွေ ကြိုးစားပမ်းစားစိုက်နေပါတယ်။ အရင်ကတော့ အိမ်ရှေ့ခန်းက အန်တီရဲ့ အပင်ကလေးတွေကို ရေလောင်းပေးတာပေါ့လေ ...။ နောက်တော့ ကိုယ့်အပင်လိုဖြစ်နေတဲ့ ဒီအပင်လေးတွေ တကယ်လို့ သူတို့ ပြန်လာလို့ (သူတို့က ကိုဗစ်ဖြစ်လို့ နယ်ပြန်နေကြတာပါ) ပိုင်ရှင်လက်ထဲ ပြန်အပ်လိုက်ရရင် ပျင်းနေတော့မှာပဲဆိုပြီး အိုးတစ်အိုးထဲ (အမှန်က သူတို့အိုးပါ 😁) ရှမ်းနံနံကလေးတွေ ထိုးထား၊ နောက် ပေါက်နေတဲ့ ဒယ်ကြီးမှာ သဲနဲ့ဖွဲပြာရော၊ ချဉ်ပေါင်ပင်တွေ ထိုးထား ရေလောင်း လုပ်နေကြတာပေါ့။ အန်တီရဲ့ အိုးထဲ ထိုးထားတဲ့ ရှမ်းနံနံကလေးတွေက လန်းလန်းဆန်းဆန်းဖြစ်လာတော့ ဒယ်ထဲက ချဉ်ပေါင်တွေ အခြေအနေမကောင်းလည်း စိတ်ဖြေစရာတော့ ရတာပေါ့လေ 😅။ 

အာဏာသိမ်းပြီး တစ်လလောက်အကြာမှာ သူတို့ ရုတ်တရက် ပြန်ရောက်လာပါလေရော။ အဲဒီမှာ ရှမ်းနံနံအိုးကလေးကို နှမြောတသ သုံးကြိမ်တလို့ ပြန်ပေးလိုက်ရပါလေရော 😥 ။ အဲဒါနဲ့ ကိုယ့်အပင်ကိုယ် ရှင်အောင် စိုက်ရပြန်ရော...

ကျွန်မက စိတ်မရှည်တတ်ပါဘူး။ တခြားကိစ္စတွေမှာတော့ သိပ်မသိသာပေမဲ့ အပင်စိုက်တဲ့အခါမှာတော့ စိတ်မရှည်တာက အတော်ဒုက္ခပေးပါတယ်။ အိမ်ရှေ့ခန်းက အန်တီပြန်လာပြီး သိပ်မကြာခင်မှာ ကျွန်မရဲ့ ချဉ်ပေါင်ခင်းပိစိလေးက စပြီး ညှိုးလာပါတယ်။ အပင်ကိုကိုင်ကြည့်လိုက်ရင် ကျန်းမာတဲ့ အပင်လို တောင့်တောင့်လေးမနေဘဲ ပျော့စိပျော့ဖတ်ကြီး ဖြစ်နေပါတယ်။ အဲဒီ့ပျော့စိတာက အပင်ရဲ့ အောက်ခြေမှာ ဖြစ်နေတာပါ။ ရေလောင်းတာ များသွားပြီထင်တယ်လို့‌ ချက်ချင်းတွေးမိလိုက်ပါတယ်။ အဲဒါနဲ့ ရေလောင်းတာကို ရပ်လိုက်ပါတယ်။ ဒါပေမဲ့ အပင်ရဲ့ အခြေအနေက မတိုးတက်လာပါဘူး။ အဲဒါနဲ့ အပင်ကို နှုတ်ပစ်ပြီး မြေသားကို ပြန်ဆွပေးရမယ်လို့ တွေးလိုက်ပြန်ပါတယ်။ ပျက်နေတဲ့ စိတ်ကို မနည်းစုစည်းပြီး မြေဆွနေတုန်းမှာ မထင်မှတ်ထားတဲ့ အံ့ဩဖွယ်ကို တွေ့လိုက်ရပါလေရော...

မထူးတော့ပါဘူးလေ... ဆိုပြီး မထူးဇာတ်ခင်းတတ်တာလည်း တော်တော်ဒုက္ခပေးပြန်တာပါပဲ။ မြေဆွလို့ တစ်ဝက်လောက် အရောက်မှာ သေပြီလို့ ထင်ထားခဲ့တဲ့ ရှမ်းနံနံပင်ကလေးရဲ့ အောက်ခြေနားမှာ အရွက်ကလေး ထွက်နေပါတယ်။ ဒီအပင်တွေက အန်တီ့အိုးထဲက ရှမ်းနံနံနဲ့ မိနစ်ပိုင်းသာခြားတဲ့ အမြွှာကလေးတွေပါ။ မြေအိုးထဲက အစ်ကိုအစ်မတွေ အရွက်ဝေနေချိန် သူတို့ကတော့ အောက်မှာ ညှိုးညှိုးငယ်ငယ်နဲ့ အိမ်နိမ့်စံနေရပါတယ်။ အခုတော့ သေပြီထင်တဲ့အချိန်မှ နှလုံးပြန်ခုန်လာတဲ့ သူလိုပါပဲ။ အဲဒီအချိန်မှာ တုတ်ကလေးကို ကိုင်ပြီး ကျွန်မဒွိဟပွားနေခဲ့တယ်။ မြေကို ဆက်ဆွရမလား ဒါမှမဟုတ် ဒီအတိုင်းထားလိုက်ရမလားပေါ့။ ဒွိဟနဲ့အတူ နောင်တပါ တွဲလိုက်လာပါတော့တယ်။

မထူးတော့ပါဘူးဆိုပြီး အပင်ကို မြေကြီးထဲက ထုတ်လို့ မြေကို ဆက်ဆွလိုက်တယ်။ အဲဒီမှာ သွားတာပဲ... 😓အခုတော့ သူတို့ သေသွားပြီလေ။ အမှန်ဆို မြေဆက်ဆွမယ်ဆိုတောင် အမြစ်နားက မြေကြီးကို ထားလိုက်ရမှာနော်... အပင်ကို ဖယ်မယ်ဆိုတောင် အမြစ်တွယ်ထားတဲ့မြေကြီးလေးကို တပါတည်း ဖယ်ထားရမှာ.. ပျိးပင်လေးလိုပေါ့။ အခုတော့ တုံးလိုက်တာလို့ ပြောရုံမအပ ဘာမှ မတတ်နိုင်တော့ ☹။

Comments