Featured post

မစိတ်တိုရဲ့ ရှမ်းနံနံ

 မနေ့က ငွေသွားထုတ်ကြည့်ပါတယ်။ ကံကောင်းတယ်လို့ပဲ ပြောရမလား ... ပထမတစ်ခေါက်က စက်ပျက်နေတဲ့နေရာကို ပြင်ထားပြီထင်ပါရဲ့။ လူတွေတန်းစီနေတာတွေ့လို့ busကားပေါ်က အမြန်ဆင်းတန်းစီတော့ အမောဆို့စရာက ဆီးကြိုနေပါတယ်။ လိုင်းကျနေတယ်တဲ့လေ 😓။ အဲဒါနဲ့ စောင့်၊ ဟိုစပ်စု ဒီဖုန်းဆက်လုပ်ကြည့်တော့ မီးပြတ်နေတယ်တဲ့။ ခဏတော့ စောင့်ရတာပေါ့ မီးပြန်လာပါတယ်။ ကျွန်မတို့ သားအမိလည်း နေပူပေမဲ့ ရင်အေးပြီး ပြန်လာကြပါတော့တယ် 😁။ 

အမှန်က ဒီနေ့လည်း သွားထုတ်ဦးမလို့ပါပဲ။ ဒါပေမဲ့ ဒီနေ့က ဈေးသွားရ၊ ရပ်ကွက်ရုံးသွားရနဲ့ ထပ်ပြီး မထွက်ချင်တော့ပါ။ အပူရှပ်လို့ သေရင် နောက်မထုတ်နိုင်တော့ဘူးလေ ... 😅😅။ ဒီလိုပြောရင်  negativity အရမ်းများနေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မစိတ်ကလည်း မကြည်လင်နေပါဘူး။ စကစရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို မြင်ရကြားရတာကြောင့်ပါပဲ။ သူ့အကြောင်းချည်းပဲ ပြောသလိုဖြစ်နေရင် ခွင့်လွှတ်ပါ။ ဒါပေမဲ့ အခုလတ်တလောမှာ သူက အတော်ဒုက္ခပေးနေတော့ မပြောလို့လည်း မဖြစ်ပါဘူး။ မပြောဘဲထားရင် ကျွန်မတို့ သွေးအေးသွားမယ်၊ အဲဒါဆို ကျွန်မတိို့ တဖြည်းဖြည်း ညှိယူဖို့ နည်းလမ်းတွေ ရှာလာကြမယ်၊ အဲလိုနဲ့ အသားကျလာကြမယ်၊ အဲလိုနဲ့ ကျွန်မတို့ ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ အမှန်ကတော့ မနေ့က အပင်စိုက်တာ အပိုင်း(၂) အကြောင်း၊ courseraမှာ သင်တန်းတက်နေတဲ့အကြောင်း၊ အိမ်ကအမေ စက်ချုပ်တဲ့အကြောင်း ပြောမလို့ပါ။ ရန်ကင်းက မိန်းကလေး၂ယောက်ကို နှိပ်စက်တဲ့ဟာတွေးမိပြီး စကားလမ်းကြောင်း ပြောင်းသွားတာပါပဲ။

အရင်တစ်ပတ်ကပေါ့ ဈေးက ရွှေလာငွေလာပင်တစ်ပင် ဝယ်လာပါတယ်။ အစကတော့ ဝယ်သာ ဝယ်လာတယ် ဘာပင်မှန်းမသိ။ နောက် googleမှာ ဓာတ်ပုံနဲ့ ရှာကြည့်တော့မှ ရွှေလာငွေလာပင်ဖြစ်တယ်ဆိုတဲ့အကြောင်း၊ လေထုထဲက အဆိပ်ဓာတ်ငွေ့တွေ သန့်စင်ပေးလို့ အိမ်ခန်းထဲစိုက်ဖို့ သင့်တော်တယ်ဆိုတဲ့အကြောင်း၊ ရေအများကြီးလောင်းရင် သေတတ်တယ်ဆိုတဲ့အကြောင်းတွေ သိရပါတယ်။ ဪ... နာမည်လေးအတိုင်း ရွှေတွေ တကယ်ဝင်လာတယ်ဆိုရင် ကောင်းမှာပဲနော်။ (အခုက ရွှေဈေးတက်နေတာဆိုတော့လေ ပြန်ရောင်းရင် အတော်မြတ်မှာ) ထားပါတော့။ အပင်ဝယ်လာရခြင်းရဲ့ နောက်ကွယ်ကအကြောင်းကတော့ ၃တန်းသိပ္ပံမှာ လက်တွေ့လုပ်ငန်းလုပ်ပြဖို့ပါပဲ။ အဲဒီမှာ ခက်တော့တာပဲ။ သူ့လုပ်ငန်းမှာ အပင်၂ပင်ကို ယူပါ၊ တစ်ပင်ကို နေ့စဉ်ရေလောင်းပါ၊ နောက်တစ်ပင်ကို ရေမလောင်းပါနှင့်၊ တစ်ပတ်ကြာလျှင် နှိုင်းယှဉ်ကြည့်ပါ(ရေလောင်းတဲ့အပင်က လန်းဆန်းမယ်ပေါ့ ရေမလောင်းတဲ့အပင်ကတော့ ညှိိုးခြောက်နေမယ်ပေါ့)ဆိုတော့ကာ ... ဒီအပင်က တစ်ပတ်မှ တစ်ခါလောက် ရေလောင်းရတာကို သူ့မှန်းချက်နဲ့ ဆန့်ကျင်ဖက်ဖြစ်ပြီး ရေလောင်းတဲ့အပင်က ရေလွန်လို့သေသွားရင် ဒုက္ခရောက်ရချည်ရဲ့။ (နောက်တော့ ဖြေရှင်းနည်းပေါ်လာပါလိမ့်မယ် အခုကတော့ စဉ်းစားလို့ မရသေးဘူး) အဲလိုနဲ့ ဈေးက အမြစ်ပါတဲ့ ရှမ်းနံနံတစ်စည်းဝယ်၊ မသုံးတော့တဲ့ ခြင်းအဟောင်းလေးထဲမှာ ကြွပ်ကြွပ်အိတ်ခံ မြေကြီးထည့်၊ စိုက်ထားပြီး အဘွားရဲ့ ညွှန်ကြားချက်အတိုင်း လှေကားနားက ကျနေထိုးတဲ့ အုတ်ပေါင်ပေါ်တင်ထားလိုက်ရောပေါ့။ နောက်နေ့လည်းကျရော ... အပင်တွေ အကုန်ညှိုးနေပါလေရော။ နောက်မှ ပြန်စဉ်းစားကြည့်တော့.. ကျနေပြင်းပြင်းကြီး ခံလိုက်ရတာများလားပေါ့။ အဘွားက အပင်တစ်ခါမှ မစိုက်သလို စိုက်တာလည်း ဝါသနာမပါဘူးလေ.. သူ့စကားနားထောင်မိတဲ့ ကျွန်မရဲ့ ရှမ်းနံနံလေးတွေကတော့... (မျက်ရည်နှစ်စက်ကျပေးလိုက်ကြပါ အမိတို့)။ အိမ်း... ရှမ်းနံနံနဲ့ ဆုံဖို့ကံ မပါလာဘူးထင်ပါရဲ့။ အိုး.... အမောင်ရှမ်းနံနံရေ ဟောဒီက နှမတော်ရဲ့ မေတ္တာဓာတ်ကြောင့် အမြန်ပြန်ရှင်လာကြပါတော့လို့..

Comments