Featured post

ဖောက်ပြန်တဲ့ ရာသီဥတု

 ဒီရက်ပိုင်းမှာ ကိစ္စအတော်များများ အဆင်ပြေနေသလိုပါပဲ။ စာသင်ဖို့ ကမ်းလှမ်းထားတဲ့ကလေးလည်း  confirm ဖြစ်သွားတယ်၊ လစာကိစ္စလည်း အဆင်ပြေ၊ မိုးကလေးကလည်း ရွာနေတော့ အေးအေးသက်သာ နေလို့ကောင်းနေပါတယ်။ လောကကြီးဟာ အဲလောက်မဆိုးသေးပါဘူးလို့ တွေးနေတဲ့အချိန်မှာပဲ စတင်ဖောက်ပြန်လာပါတော့တယ်။

ကျွန်မအဘွား ပင်စင်သွားထုတ်ရာက စပါတယ်။ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီကစလို့ အခုဧပြီအထိ ပင်စင်မရသေးပါဘူး။ သွားထုတ်တာလည်း လေးခါရှိပါပြီ။ မနက်ငါးနာရီကတည်းက သွားပေမဲ့လည်း ဘဏ်နားက လူတန်းရှည်ကြီးကို မြင်လိုက်ရတဲ့အခါ ဘယ်လောက်တောင် စိတ််ဓာတ်ကျသွားလိုက်တယ်ဆိုတာ အထူးပြောဖို့တောင် မလိုတော့ပါဘူး။ ခါတိုင်းလို ဒိန်ချဉ်လေးတောင် မဝယ်နိုင်ခဲ့ပါ။ 

စာသင်ရတဲ့အခါလည်း စိတ်က သိပ်မပါချင်ပါ။ ဒီနေ့ အပေါင်းအနုတ်သင်ရမဲ့ အလှည့်ရောက်ပါတယ်။ ထင်ထားတဲ့အတိုင်း ကလေးက အီလေးဆွဲပြီး အကြာကြီးတွက်နေပါတယ်။ အရေးထဲ လိုင်းကလည်းမကောင်းတော့ ခဏခဏ ပြုတ်ကျနေပါတယ်။ 

နေ့လည်ရောက်ပြန်တော့ နေမင်းကြီးက နှိပ်စက်ပြန်ပါတယ်။ အခုတလောစွေနေတဲ့မိုးဟာ သုံးလေးရက်လောက် ရွာပြီးတာနဲ့ အစရှာမရအောင် ပျောက်ကွယ်သွားပါပြီ။ မိုးရွာခဲဲ့တာတောင် အိပ်မက်လား တကယ်လား မနည်း ခွဲခြားယူရတဲ့အထိပါပဲ။ အဲလိုနဲ့ အဘွားအိပ်ရာပေါ်မှာ ပန်ကာလေးတစ်လုံးနဲ့ ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့်လုပ်နေရပါတယ်။

စိတ်က အကြောင်းတစ်ခုကြောင့် ညစ်ရပြီဆို ကျန်တဲ့တွေးပူစရာတွေကပါ တွဲလာတတ်ပါတယ်။ ဥပမာ password မေ့သွားတဲ့ AYA ATM card အကြောင်းနဲ့ အကောင့်ထဲက မထုတ်ရသေးတဲ့ ကျူရှင်လခအကြောင်း၊ အိမ်နဲ့နီးတဲ့ ATMတွေမှာ ငွေမရှိတဲ့အကြောင်း၊ မြို့ပြင်ထွက်ရမယ်ဆိုလည်း ဖုန်းထဲက လက်လွန်ပြီးသားတွေမိရင် ထောင်နန်းစံရမဲ့အကြောင်း၊ busကားခ ၃၀၀ဖြစ်သွားတဲ့အကြောင်း၊ ဖေဖော်ဝါရီအစကတည်းက ထုတ်ထားလိုက်ရမဲ့အကြောင်း စတဲ့ စတဲ့ အပူတွေရော နောင်တတွေရော ပေါင်းစုပြီး ဒုက္ခပေးနေကြပါတယ်။ တစ်ခုတွေးပြီးတိုင်း မအလကို ဆဲမိတာလည်း တစ်မျိုး။ ဒါတွေဖြေဖျောက်ဖို့ နည်းလမ်းကတော့ အိပ်လိုက်တာပါပဲ။ 

နိုးလာတော့ အဘွားရဲ့ သေချင်တယ်နဲ့ တိုးပါတယ်။ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေတဲ့ မအလကိုပဲ အပြစ်တင်ရမလား စနစ်မကျတဲ့ စနစ်ကြီးပဲ အပြစ်တင်ရမလား ပွစိပွစိများတဲ့ အဘွားကြီးကိုပဲ အပြစ်တင်ရမလား အမှန်ပြောရရင်တော့ မအလဟာ အဓိကပါပဲ။ 

သူ့မကောင်းကြောင်းပြောလို့ကတော့ မဆုံးနိုင်ပါဘူးလေ... ထားပါတော့။ မနက်ဖြန်တော့ ပိုက်ဆံထုတ်ဖို့ သွားပါဦးမယ်။ အဆင်ပြေပါစေ ဆုတောင်းရတာပါပဲ။

Comments