Featured post

ရန်ကုန်မြို့ရဲ့ မနက်လေးနာရီ

ဒီနေ့ ဧပြီလ ၃ရက်။ အချိန်က မနက်လေးနာရီ ၁၅မိနစ်။ မှောင်မည်းနေတဲ့ ဧည့်ခန်းမှာ ကျွန်မတစ်ယောက်တည်း လက်ပ်တော့တစ်လုံးနဲ့ ဘလော့ထိုင်ရေးနေပါတယ်။ အသံဗုံးဖောက်သံလို လေးငါးချက်လည်း ကြားလိုက်ရပါသေးတယ်။ (ခြင်လည်း အင်မတန်ကိုက်ပါတယ်)

ဖေဖော်ဝါရီလ ကိုးရက်ကတည်းက မနက်တစ်နာရီကနေ ကိုးနာရီအထိ နေ့စဉ် အင်တာနက် ဖြတ်တောက်ထားပါတယ်။ နောက်ပိုင်းမှာတော့ ဘဏ်လုပ်ငန်းတွေလည်ပတ်ဖို့ ရုံးဖွင့်ရက်ဆို မနက် ခြောက်နာရီခွဲက စပေးပြန်ပါတယ်။ ရုံးပိတ်ရက်ဆို မနက်ကိုးနာရီပေါ့။ 

မိုဘိုင်းဒေတာတွေ ဖြတ်တောက်ထားတာ ဆယ့်တစ်ရက်လောက် ရှိပါပြီ။ အများသုံး ဝိုင်ဖိုင်တွေကိုဖြတ်တောက်ထားတာ တစ်ပတ်လောက် ရှိပါပြီ။ မနေ့ကစလို့ ကြိုးမဲ့ဝိုင်ဖိုင်စက်တွေနဲ့ ၂၆၀၀MHzဝိုင်ဖိုင်တွေကို ဖြတ်တောက်လိုက်ပါပြီ။ 

ဒါပေမဲ့ အခုတော့ ကျွန်မ မနက်လေးနာရီကျော်မှာ ဘလော့ ရေးနေပါတယ်။ ဘာဖြစ်လို့လဲ? ၁နာရီထိုးပေမဲ့ အင်တာနက်မဖြတ်ခဲ့လို့ ဒါမှမဟုတ် စောစောပေးလို့ ဖြစ်နိုင်ပါတယ်။ ပထမတစ်ခုက ပိုဖြစ်နိုင်တယ်လို့တော့ ထင်ပါတယ်။ 

ကျွန်မတွေ့မိသလောက် မနက်၁နာရီကျော်လို့ အင်တာနက်မဖြတ်တာဆိုလို့ နှစ်ရက်ပဲ ရှိပါသေးတယ်။ စမ်းချောင်းမှာ ဆန္ဒပြရင်း စစ်တပ်က ပိတ်ဆို့ထားလို့ ထွက်မရဖြစ်နေတဲ့ ပြည်သူတွေကို လိုက်ဖမ်းတဲ့ ညရယ်၊ နောက် ကျွန်မ စောစောနိုးလာတဲ့ ဒီနေ့ရယ်... ။ 

အင်တာနက်ဖြတ်တောက်ခံရပြီးနောက် နေ့စဉ် ဘယ်နှနာရီအတိအကျမှာ ဖြတ်သလဲ၊ ဘယ်နှနာရီမှာ စရသလဲ စောင့်ကြည့်ဖို့ ညတစ်နာရီမှ အိပ်ပြီး မနက်စောစောထဖို့ လုပ်ကြည့်ပါသေးတယ်။ ဒါပေမဲ့ တစ်ပတ်လောက်ပဲ ခံနိုင်လိုက်ပါတယ်။ ကျွန်မက နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးပေမဲ့ ညဆယ်နာရီကျော်လောက်ဆို အိပ်ပျော်နေပါပြီ။ 

... ပြောရင်းဆိုရင်းပဲ အင်တာနက်က မရတော့ပါရှင်။ သတိထားမိတဲ့ အချိန်က လေးနာရီ လေးဆယ့်ရှစ်မိနစ်။

 စာကြွင်း။ ။ ဧပြီ ၃ရက်နေ့ကတည်းက ရေးထားတဲ့စာကို အခုမှ တင်ရတဲ့အကြောင်းကတော့ အခြားမရှိပါဘူး။ ဟောဒီကငပျင်းမ mangaဖတ်လိုက်၊ ဝတ္ထုဖတ်လိုက်လုပ်နေလို့ ဖြစ်ပါကြောင်းပါ ခင်ဗျား။

Comments