Featured post

Flow

 

အောက်တိုဘာလကုန်ပါတော့မယ်။ မနက်စောစောဆို ကောင်းကင်က ကြည်လင်နေပြီး လေပြေလေအေးကလေးတွေ တိုက်ပါတယ်။ အလုပ်လုပ်ဖို့ အကောင်းဆုံး ရာသီကို ရောက်ပါတော့မယ်။ ဆောင်းရာသီပါ။

အခုစာ မရေးခင်လေးမှာပဲ အပျော်ရွှင်ဆုံးအချိန်တွေအကြောင်းကို ပြန်တွေးမိနေပါတယ်။ အောင်မြင်တဲ့သူတချို့ အကြောင်းကို ဖတ်ဖူးပါတယ်။ သူတို့ပြောတာကတော့ အပျော်ရွှင်ဆုံးအချိန်တွေက ဆင်းဆင်းရဲရဲနဲ့ သူတို့ရည်မှန်းချက်ရောက်အောင် ကြိုးစားနေရတဲ့အချိန်ကာလပါတဲ့။ Marie Curieပြောတာလည်း radiumဒြပ်စင်အကြောင်းကို သုတေသနလုပ်နေချိန်၊ နောက် ဘယ်သူပါလိမ့်. . သူပြောတာလည်း ကြိုးစားရုန်းကန်နေရချိန်ပဲတဲ့။ 

ကျွန်မကတော့ အဲလိုမဟုတ်ပါဘူး။ ကျွန်မရဲ့ အပျော်ရွှင်ဆုံးအချိန်တွေ ခဏခဏပြန်သွားချင်တဲ့အချိန်တွေက 2021ရဲ့ ဆောင်းရာသီ၊ အရုဏ်ဘက်ထပြီး နောက်မှီခုံကလေးမှာထိုင်လို့ သီချင်းနားထောင်ရင်း စာရေးတဲ့အချိန်တွေပဲ ဖြစ်ပါတယ်။ စာလုံးရေ ၃၀၀လောက်ပဲရှိတဲ့ စာတစ်ပုဒ်ရေးဖို့ကို ၂နာရီလောက်လည်း ကြာသွားတတ်ပါတယ်။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ ကျွန်မ ဘယ်တုန်းကမှ မရဖူးတဲ့ ဆိတ်ငြိမ်သာယာမှုကို ရနေခဲ့တာကြောင့်ပါ။ ခန္ဓာကိုယ်ကြီးက ပျောက်သွားမယ်၊ စိတ်ဝိဉာဏ်က ကျွန်မ မသိနိုင်တဲ့ အမြင့်တစ်နေရာတစ်ခုမှာ ရောက်နေသလိုမျိုး၊ အချိန်တွေ မရှိတော့ဘူး၊ ကျွန်မနဲ့ စာလုံးတွေနဲ့ အိပ်မက်တွေနဲ့ တစ်သားတည်း ဖြစ်သွားမယ်၊ ပြန်တမ်းတလို့ မဆုံးနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်သွားပါတယ်။ အဲဒီက ထလိုက်တာနဲ့ ဆူညံနေတဲ့ အိမ်သာလုရတဲ့ နေပူတဲ့လောကကြီးကို ပြန်ရောက်သွားပါတယ်။

အပေါ်ကသူတွေက လက်တွေ့ကမ္ဘာမှာ လက်တွေ့အလုပ်တွေလုပ်ရင်း ပျော်ရွှင်မှုကို ရရှိကြပါတယ်။ ကျွန်မကတော့ ဆေးသုံးသလိုမျိုး အိပ်မက်ဆန်တဲ့ အခြေအနေတစ်ခုကို ရောက်ဖို့ နှိုးဆွဖန်တီးပြီးမှ ပျော်ရွှင်ငြိမ်းချမ်းမှုကို ရပါတယ်။ ဒီအခြေအနေကို စွဲလမ်းသွားမှာလည်း ကြောက်ပါတယ်။ ဒီတော့ လက်တွေ့ဘဝမှာ ဘယ်လိုပျော်ရွှင်မှုကို ရှာရပါ့မလဲနော်. .

Comments