Featured post

၅မိနစ်စာ ကျွန်မအကြောင်း

ပုံပန်းသွင်ပြင် - အရပ်ပုပု၊ ပိန်ပိန်ညောင်ညောင်၊ ဆံပင်ကောက်ကောက်။
 
ဆံပင်👩🏼‍🦱

ကျွန်မကို လူ‌တွေ ပထမဆုံး သတိထားမိတာ ဒါမှမဟုတ် စိတ်ထဲစွဲနေတာဆို ဒီဆံပင်‌ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆို ဆံပင်က အခွေအ‌ခွေ‌လေးတွေ ကောက်နေတာကိုး။ အစကတော့ ဆံပင်ကောက်တာကို တော်‌တော်စိတ်ညစ်ပါတယ်။ ဘာလို့လဲဆို အိမ်ကလူတွေက ဆံပင်ကောက်ရင် ရှုပ်ပွတယ်၊ ကြည့်မကောင်းဘူးဆိုပြီး အမြဲ ကတုံးဆံတောက် ညှပ်ထားရတယ်။ ပြီး‌တော့ ‌နောက် အရှည်ထားခွင့် ရပြန်တော့လည်း ခေါင်းဖြီးလိုက်ရင် ပွသွားတာကြောင့် ဆံပင်ဖြောင့်ရမယ် ဆံပင်ကို ‌ဖြောင့်ပစ်ရမယ် ကောက်နေတာ ရုပ်ဆိုးတယ် သူတောင်းစားမနဲ့ တူတယ် ဖြောင့်မှ လှမှာ ဆိုပြီး ဝိုင်းပြောကြတာတွေကြောင့်ပေါ့(သူငယ်ချင်းတစ်ယောက်ဆို နင်ဖြောင့်ဖို့ ပိုက်ဆံမရှိရင် ငါ‌ဖြောင့်ပေးမယ် ဆိုတာပါ ပြောပါတယ်)။ အဲလိုတွေကြားရတော့ တော်တော်ခံရခက်တာ အမှန်ပါပဲ။ ‌နောက်ကျပြန်တော့ ကိုယ့်ဟာကိုယ် ကားစီး‌နေရင်းလည်း ဒီဆံပင် လှလိုက်တာ ဘယ်မှာကောက်တာလဲ လိုက်အမေးခံရ၊ တွေ့တဲ့သူတွေကလည်း ချစ်စရာလေးနော်လို့ အပြောခံရပြန် ဆိုတော့ကာ.. ဆံပင်ဆိုတာကြားရုံနဲ့ကို စိတ်ကုန်ချင်ချင် ဖြစ်နေပါပြီ။ သူများနဲ့မတူတဲ့ ဒီဆံပင်‌ကောက်ကောက်ရှိ‌တော့ distinctဖြစ်လို့ ထူးခြားပြီး မှတ်မိတာ‌‌ပေါ့လို့ ‌တွေးရ‌‌ပေမဲ့ တခါတ‌လေကျ‌တော့လည်း ဪ.. ငါ့မှာ သူများသတိပြုစရာဆိုလို့ ဒီဆံပင်ကလွဲပြီး မရှိ‌တော့ဘူးလား‌‌ပေါ့...စဉ်းစားပြီး ထိုင်စိတ်ညစ်တတ်ပါတယ်။ အဲဒီ‌တော့ တကယ်လို့ ရှင်က ကျွန်မကို အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ social mediaမှာပဲဖြစ်ဖြစ်တွေ့လို့ "ဆံပင်လေးက လှလိုက်တာ‌‌နော်" အပြင် တခြားဟာ‌လေးပါ ပြော‌ပေးရင် ကျွန်မ ‌တော်‌တော်‌ပျော်မိမှာ ဖြစ်ပါတယ်။ (ရှင့်ကိုလည်း ကျွန်မ အရမ်းမှတ်မိပြီး ချစ်ရင်လည်း ချစ်သွားမှာပေါ့ ဘယ်ပြောတတ်မလဲ)

ပိန်ပိန်ညောင်ညောင် ခါးက ခပ်ကုန်းကုန်း
ကျွန်မက အစာစားရတာ သိပ်မကြိုက်ပါဘူး။ ငယ်ငယ်တုန်းကဆို ဆော့ပဲ ဆော့ချင်နေတာ။ ထမင်းစားရတဲ့အချိန်ဆို ၂နာရီ ၃နာရီ အကြာကြီး လုပ်နေလို့ နာရီဝက်ကို တုတ်တစ်ချက်နှုန်းနဲ့ အရိုက်ခံရလို့ ၃ချက် ၄ချက်က အေးဆေးပဲ အရိုက်ခံရတယ်🤣။ အသက်ကြီးလာတော့ အစာစားတာ ကြိုက်လာပေမဲ့လည်း ဝမလာပါဘူး။ မနက်စာ မစားတာ၊ အစာစားချိန် မမှန်တာ၊ တစ်ချို့နေ့တွေမှာ အငတ်နေတာ ဘာညာ သာတကာပေါ့။ ၁၀တန်းတုန်းကတော့ တစ်ခါ ပါးဖောင်းဖောင်းလေးဖြစ်လိုက်ပါသေးတယ်။ အဲဒီကစပြီး ပိန်လာလိုက်တာ အခုထိ အရိုးတစ်ချောင်းပါပဲ။ အမေငယ်ငယ်ကတော့ ပိန်တယ်ပြောပါတယ်။ ဒါပေမဲ့ အခုတော့ ခါး ၃၀လက်မတောင်ရှိတဲ့ ဝတုတ်မကြီး ဖြစ်နေပါပြီ။ ကျွန်မ အသက်ကြီးရင်တော့ အခုလိုပဲ ပိန်ပိန်ကလေးဖြစ်နေဖို့ မျှော်လင့်မိပါတယ်။

အရပ်ပုပု

ကျွန်မ အဖီးမ (အဘွားရဲ့အမေ)က အရပ် ၄ပေ၉၊ အဘောင်မ (အဘွား)က အရပ် ၅ပေ၁၊ ကျွန်မအမေက အရပ် ၅ပေ၂၊ ဆိုတော့ ကျွန်မလည်း အရပ် ၅ပေ၁လက်မရှိတာ မဆန်းပါဘူး။ အရပ်ပုတော့ နုတာပေါ့တွေ ခရုတာပေါ့တွေ မပြောပါနဲ့။ ကျွန်မကတော့ စိတ်ညစ်နေရပါတယ်။ ကြည့်လေ ကားစီးရင် လှမ်းကိုင်ဖို့ တန်းကို မမီ၊ ဟိုဟာယူချင်၊ ဒီဟာယူချင်ဆို ခြေဖျားထောက်ရ (ရုပ်ရှင်ထဲမှာဆိုရင်တော့ အရပ်ရှည်ရှည်ကောင်လေးက လှမ်းယူပေး ဘာညာ။ ကျွန်မဖြစ်အင်ကတော့ အရပ်ရှည်ရှည်ကောင်လေး မပြောနဲ့ သူငယ်ချင်းထဲကတောင် အရပ်ရှည်ရှည်မရှိပါဘူး) နဲ့ တော်တော် စိတ်ကုန်စရာကြီးပါ။

Comments