Featured post

နောင်တနဲ့ စိတ်မကောင်းခြင်းများစွာ

 ဒီနေ့ မနက်ခင်းကလေးက သာယာပါတယ်။ မနက်စောစောက မိုးဖွဲဖွဲကလေးရွာလို့၊ မိုးလင်းလာတော့လည်း နေကလေးက သာလို့၊ ကောင်းကင်ပြာပြာမှာ တိမ်ဖြူဖြူကလေးတွေက ဟိုတစ်စ ဒီတစ်စနဲ့ လှလှပပကလေး နုနုနယ်နယ်ကလေး ...

ဘယ်လိုပြောရမလဲ ဒီနေ့က ခါတိုင်း စိတ်ရှုပ်စရာ တနင်္လာနေ့တွေနဲ့မတူတဲ့ ကြည်နူးစရာ တနင်္လာကလေးပေါ့။ 

ဒီနေ့မှာ ကျွန်မက ပြတင်းပေါက်ဘေးနားက စာကြည့်စားပွဲမှာထိုင်လို့ မူကြိုကလေးအတွက် စာလည်း ပြင်ရင်း အရင်နေ့က မရေးလိုက်ရတဲ့ စာကြွေးတွေ ဆပ်မယ်ဆိုပြီး ထိုင်နေပါတယ်။ 

အဲဒါမှ ဒုက္ခ။ အရင်နေ့တွေတုန်းက ရေးမယ်ဆိုပြီး တေးထားတဲ့ စာသားတွေ မေ့ကုန်ပါပြီ။ ဒီတော့ အတွေးပေါ်ပေါ်ချင်းမှာ ရေးမမှတ်ထားလိုက်တဲ့ ကျွန်မကို အပြစ်တင်မိရတော့တာပါပဲ။ 😓

အခု ၉နာရီခွဲပါပြီ။ မနက်၇နာရီကတည်းက ထိုင်နေတဲ့ ကျွန်မဟာ အခုထိ မနက်စာ မစားရသေးပါဘူး။ ဗိုက်ထဲကလည်း တဂွီဂွီ မြည်နေပါတယ်။ ဒါပေမဲ့ ထပြီး မစားချင်သေးပါဘူး။ ဘာလို့လဲဆို ထလိုက်တာနဲ့ ပြန်ထိုင်လို့ရမှာ မဟုတ်လို့ပါ။ 

ကျွန်မက တစ်ယောက်တည်းနေတာ မဟုတ်တော့ အိမ်က ကိစ္စတွေကို ကူလုပ်ရတာပေါ့။ မကူရင် မကောင်းဘူးလေ.. ဒီအိမ်မှာလည်း နေသေး ထမင်းစားရိတ် နေစားရိတ်လည်း မပေးသေး အလုပ်လည်း တစ်ခုမှ မလုပ်ဘဲ ကိုယ့်ကိစ္စပဲ ကိုယ်လုပ်နေသေး ဆိုရင်တော့ တခြားသူမပြောနဲ့ ကျွန်မဘာသာတောင် အမြင်ကတ်တယ်။

ထားပါတော့... အဲဒီတော့ အကြွေးတွေကို မထခင် အပြီး ဆပ်ရမယ်။ ဒါပေမဲ့ ခေါင်းထဲကလည်း ထွက်မလာကြဘူး။

အစာမစားရသေးလို့ပဲ မမှတ်မိတာလားနော်..

ချရေးဖို့ အပျင်းကြီးလွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင် နောင်တရ စိတ်မကောင်းခြင်းများစွာနှင့်...

တနင်္လာနေ့ကတော့ လှနေတာနော်


Comments